မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လုပ်ကိုင်လျက်ရှိသော ဆေးတံနှင့် ကျောက်သင်ပုန်းများကို
နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြ သောကြောင့် နိုင်ငံတကာစျေးကွက်သို့ ဖြန့်ချိနိုင်ရန်
လုပ်ငန်းပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင် အောက်တိုဘာ ၂၄ ရက်က ဖော်ပြထားသည်။
အသေးစားလက်မှုလုပ်ငန်းများ စျေးကွက်ပိုရလာစေရန်နှင့် ထုတ်ကုန် အရည်အသွေး
ပြည့်မီလာစေရန် နည်းပညာများလည်း ဖြန့်ဝေခြင်းနှင့် သင်တန်းများပေးခြင်းတို့ကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျောက် သင်ပုန်းနှင့် ဆေးတံလုပ်ငန်းအပြင်
အခြားအသေးစားစက်မှုလက်မှု လုပ်ငန်းများမှ ထွက်ရှိလာသော ပစ္စည်းများ၏
စျေးကွက်ပိုမိုကျယ်ပြန့် လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်
အာရှ ဖွံ့ဖြိုးရေးဘဏ်တို့၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။ ဆေးတံနှင့် ကျောက်သင်ပုန်းလုပ်ငန်းများသည် ပြည်တွင်း၌
တိမ်ကော ပပျောက်လုနီးပါးဖြစ်နေပြီး မိရိုးဖလာလုပ်ကိုင်သူများသာ ဆက်လက် လုပ်ကိုင်လျက်
ရှိသည်။
အမျိုးသမီးများပိုမိုလုပ်ကိုင်ကြသော အဆိုပါ အသေးစားလက်မှုလုပ်ငန်းများမှတဆင့်
အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိစေရန် ရည်ရွယ်၍ လက်မှုလုပ်ငန်းများကို
ပြည်တွင်းပြည်ပ စျေးကွက်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။










