ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲယခင်နှစ်ထက် အလှူငွေများ ပိုမိုရရှိခဲ့

ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲယခင်နှစ်ထက် အလှူငွေများ ပိုမိုရရှိခဲ့

နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တွင် ကျင်းပလေ့ရှိသော ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်
ဖွင့်ပွဲဟုခေါ်သည့်ကို ယခင်နှစ်က ဘက်စုံအလှူငွေရရှိမှုမှာ ငွေကျပ် ၂၁၇ သိန်း ဖြစ်သော်လည်း
ယခုနှစ်တွင် ငွေကျပ် ၈၄၄ သိန်းကျော် ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။

ယခင်နှစ်တွင် အလှူခံဌာနများကို ကန်ထရိုက်ပေးဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင်
ဂေါပကအဖွဲ့ က အနီးကပ်ကြီးကြပ်ပြီး ဘက်စုံပင်မအလှူခံဌာနတစ်ခုတည်း ဖွင့်လှစ်ကာ
အလှူခံဖြတ်ပိုင်းများဖြင့် စနစ်တကျအလှူခံခဲ့ခြင်းကြောင့်လည်းကောင်း၊ အလှူရှင်များ၏
သဒ္ဓါထက်သန်စွာ လှူဒါန်းမှုကြောင့် လည်းကောင်း အလှူငွေများ ပိုမိုရရှိခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။

ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုရားဖူးရဟန်းရှင်လူပြည်သူများ
စိတ် ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်
မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းညှိနှိုင်းကာ ဘုရားဖူးပြည်သူတို့၏ လိုအပ်ချက်များကိုလည်း
စိစစ်ဖြည့်ဆည်းသွားမည်ဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာဆောင်ရွက်ချက်များကို
ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။