ရန်ကုန်မိုးလေဝသတိုင်းတာရေးရေဒါစခန်းအား JICA မှ လွှဲပြောင်းပေးအပ်ခဲ့

ရန်ကုန်မိုးလေဝသတိုင်းတာရေးရေဒါစခန်းအား JICA မှ လွှဲပြောင်းပေးအပ်ခဲ့

 

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်မိုးလေဝသတိုင်းတာရေး
ရေဒါစခန်းအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်ကရန်ကုန်မြို့ရှိ ကမ္ဘာအေးမိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၄ဝ. ရ၃ သန်းကုန်ကျမည့် မိုးလေဝသတိုင်းတာရေးရေဒါစခန်းများကို
မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ်အနေဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ တွင်၂ဝ၁၅ခုနှစ်က တည်ဆောက်ပြီးစီးလွှဲပြောင်းပေးခဲ့ပြီး မန္တလေးမြို့တွင်
တည်ဆောက်နေသည့် ရေဒါစခန်းကို လာမည့် ၂ဝ၁၇ ခုနှစ်တွင် ဆက်လက်လွှဲပြောင်း
ပေးအပ်မည်ဟု အဆိုပါအခမ်းအနားမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်ရှိ မိုးလေဝသအခြေအနေကို တိုင်းတာနိုင်ရန်အတွက် ကျောက်ဖြူတွင်
လည်းကောင်း၊ လေကြောင်းပို့ဆောင်ရေးအထောက်အပ့ံဖြစ်သော လေကြောင်း
မိုးလေဝသအတွက် ရန်ကုန် တွင်လည်းကောင်း၊ အလယ်ပိုင်းမိုးနည်းဒေသ၏ မိုးလေဝသဖြစ်စဉ်များကို
တိုင်းတာခန့်မှန်းပေးနိုင်ရန်အတွက် မန္တလေးမြို့တွင်လည်းကောင်း ရေဒါစခန်းများ
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေဒါစခန်းများ မသက်ရောက်နိုင်သည့် ဒေသများတွင်
အလိုအလျောက် မိုးလေဝသတိုင်းတာရေးကိရိယာ အလုံး၃ဝ ကို တည်ဆောက်ပြီးဖြစ်ကြောင်း
ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်)မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မိုးလေဝသကြိုတင်
သတိပေးချက်များကို ထိရောက်စွာထုတ်ပြန်နိုင်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်
ကာကွယ်ရေးတွင် ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ဆိုသည်။