ဒုတိယအကြိမ် လေထုတိုင်းတာခြင်းပြုလုပ်ပြီးမှသာရန်ကုန်မြို့၌ လေထုညစ်ညမ်းမှု
အမြင့်ဆုံးနေရာကို သိရှိင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး
ဒေါက်တာအောင်မြင့်မော်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
အောက်တိုဘာ ၃၁ ရက်က ဖော်ပြထားသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း၌ လေထုတိုင်းတာရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ
ပထမအကြိမ်တိုင်းတာရေးအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဧပြီလအထိ
ရန်ကုန်မြို့ရှိ နေရာ ၆၇ နေရာ၌ တိုင်းတာခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်တိုင်းတာမှုဖြစ်သောကြောင့် မှန်သည်၊ မှားသည် မပြောနိုင်သေးကြောင်း၊
ဒုတိယအကြိမ်တိုင်းတာမှုပြီးစီးပါက ပထမနဲ့ ဒုတိယအကြိမ် စံချိန်စံညွှန်းရလဒ်ကို နှိုင်းယှဉ်ကာ
လေထု ညစ်ညမ်းမှုအမြင့်ဆုံးနေရာများကို သိရှိနိုင်မည်ဖြစ်ကြောင်း ဒေါက်တာအောင်မြင့်မော်က
ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ လေထုညစ်ညမ်းမှုများကို စောင့်ကြည့်လေ့လာရန် ကော်မတီလက်အောက်ရှိ
သုသာန်များနှင့် မီးခိုးထုတ်ခေါင်းတိုင်အားလုံးကို ပေ ၁ဝဝ အထိ မြင့်တင်မှုများ ပြုလုပ်လျက်
ရှိသကဲ့သို့ လေထုတိုင်းတာရေးစက်များကို ရန်ကုန်မြို့မြို့တော်ခန်းမရှေ့၌ တစ်လုံး၊ လှည်းတန်း၌
တစ်လုံးနှင့် မင်္ဂလာဒုံခရေပင်လမ်းခွဲ၌ တစ်လုံး စုစုပေါင်းသုံးလုံးကို အထိုင်စက်အဖြစ် ထားရှိကာ
ကျန်တစ်လုံးကို မြို့နယ်များသို့ လှည့်လည်တိုင်းတာရာတွင် အသုံးပြုလျက်ရှိကြောင်း
သိရသည်။










