ဂျပန်ပရိသတ်များ တောင်းဆို၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒုတိယအကြိမ် ကျင်းပမည်

ဂျပန်ပရိသတ်များ တောင်းဆို၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒုတိယအကြိမ် ကျင်းပမည်

ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မှုများကို
ဂျပန်ပရိသတ်များ နှစ်သက်သဘောကျသဖြင့် လာမည့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီတွင်လည်း
ဒုတိယအကြိမ် ပြန်လည်သွားရောက်ကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပရိုးရာ လက်ဝှေ့ပွဲများကို
စီစဉ်ကျင်းပနေသော ပွဲစီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃၁ ရက်က ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို ဂျပန်ပရိသတ် တော်တော်များများ
လာရောက်ကြည့်ရှုအားပေးခဲ့သည်ကို တွေ့ရကြောင်း၊ ရုံးဖွင့်ရက်ဖြစ်သော်လည်း ရိုးရာလက်ဝှေ့ကို
စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြောင်း၊ ပရိသတ်များ၏ ထပ်မံလာရောက်ကျင်းပရန်
ဖိတ်ခေါ်မှုကြောင့် ဒုတိယအကြိမ် Lethwei Grand Prix 2017 ကို လာမည့် ၂ဝ၁၇ ဖေဖော်ဝါရီ
၁၆ ရက်တွင် တိုကျိုမြို့၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် သွားရောက်ကျင်းပသည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ပြီးခဲ့သည့်
အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီက ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ခိုလဂုအန်ခန်းမ၌ Lethwei Grand
Prix Japan 2016 ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊
ဂျပန်လွှတ်တော်ပြည်သူ့လုံခြံုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာနာကာယာမတို့က ပွဲအစအဆုံး
တက်ရောက်အားပေးကာ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း၊ မင်္ဂလာဒိုးမြန်မာဆိုင်းအဖွဲ့နှင့်
မြန်မာလှပျိုဖြူ များပါ အစုံအလင် သွားရောက်ပြသခဲ့သောကြောင့် ဂျပန်ပြည်သူများ
အထူးစိတ်ဝင်တစားရှိခဲ့ကာ တစ်မူထူးခြားသော အားကစားတစ်ရပ်အဖြစ် တအံ့တသြ
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။