မြရည်နန္ဒာအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာများကို နိုဝင်ဘာ ပထမပတ်တွင် ရောင်းချမည်

မြရည်နန္ဒာအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာများကို နိုဝင်ဘာ ပထမပတ်တွင် ရောင်းချမည်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ ဆောက်လုပ်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၅၆ဝ အား ဝင်ငွေနည်း
ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် ကုမ္ပဏီဝန်ထမ်းများအား ရောင်းချပေးမည်ဖြစ်ရာ
ဝယ်ယူခွင့်လျှောက်လွှာများကို အရောင်ခွဲခြားသတ်မှတ်၍ နိုဝင်ဘာပထမပတ်အတွင်း
စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
နိုဝင်ဘာ ၁ ရက်က ဖော်ပြထားသည်။

အဆိုပါလျှောက်လွှာများအား နိုဝင်ဘာတစ်လလုံး ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်မှ
၃၁ ရက်အထိ လျှောက်လွှာပြန်လည် လက်ခံကာ ဇန်နဝါရီလတွင် မဲနှိုက်ရောင်းချပေးသွားမည်
ဖြစ်ကြောင်း၊ လျှောက်လွှာရောင်းချမည့် ရက်နှင့် အသေးစိတ်မူဝါဒ စည်းကမ်းချက်များကို
သတင်းစာတွင် ထည့်သွင်းကြေညာပေး သွားမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများတွင်
အိမ်ရာလိုအပ်ချက်ရှိနေသည်ကို သိရှိနိုင်စေရန် လျှောက်လွှာကို အရောင်ခွဲခြား
သတ်မှတ်ပေးခြင်းဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်၍ အိမ်ရာများ ထပ်မံဆောက်ပေးနိုင်မည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက
ပြောကြားခဲ့သည်။

တန်ဖိုးမျှတတိုက်ခန်းဝယ်ယူရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လုပ်သက် အနည်းဆုံး ငါးနှစ်ရှိရန်
လိုအပ်ပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့် ဝန်ထမ်းကတ်မိတ္တူ
ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ ပင်စင်စားဖြစ်ပါက ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်
လျှောက်ထားရမည်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကုမ္ပဏီအကြီးအကဲ၏
ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ လျောက်ထားသူ၏ မိသားစု ပျမ်းမျှလစဉ်ဝင်ငွေစုစုပေါင်းမှာ
အနည်းဆုံး ကျပ် လေးသိန်းမှ ငါးသိန်းအထိ ဝင်ငွေရှိရမည်ဖြစ်ပြီး တိုက်ခန်းအား အရစ်ကျလေးလ
လေးရစ်ဖြင့် အကျေပေးချေသောစနစ် သို့မဟုတ် ဘဏ်ချေးငွေ စနစ်များဖြင့် ဝယ်ယူနိုင်ကြောင်း
၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူမည့်သူများအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့်
ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏
၃ဝ ရာခိုင်နှုန်းအား တစ်ကြိမ်တည်း အကျေပေးချေခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း
အရစ်ကျပေးသွင်းခြင်းဖြင့် ပထမဦးစွာဆောင်ရွက်၍ ကျန် ရဝ ရာခိုင်နှုန်းကို ဘဏ်ချေးငွေဖြင့်
ရှစ်နှစ်အတွင်း လစဉ်အရစ်ကျ အကျေပေးသွင်းရန်အတွက် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းစသည့် စည်းကမ်းချက် ၁၁ ချက်ဖြင့်
ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။