နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ တိုင်တန်းချက်များ လက်ခံနေပြီဖြစ်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ တိုင်တန်းချက်များ လက်ခံနေပြီဖြစ်

 

 နိုင်ငံတော်၏ စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှုအန္တရာယ်ကင်းရှင်းရေး
အတွက် ပြည်သူ ပြည်သားများအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနသို့ အသိပေး
တိုင်ကြားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ နိုဝင်ဘာ ၁ ရက်တွင်
ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

ထိုသို့ အသိပေးတိုင်ကြားရာတွင် တိုင်တန်းသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
အမြဲတမ်းနေရပ် လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ လက်ကိုင်ဖုန်း/
ဖက်စ်နှင့် အီးမေးလ်တို့ရှိလျှင် ထည့်သွင်း ဖော်ပြကာ အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာ တာဝန်ရှိသူအဆင့်
ဆင့်၏ အဂတိလိုက်စားမှု၊ မမှန်မကန်လုပ်ဆောင်ခဲ့မှုများကို အထောက်အထား၊
အချက်အလက်များဖြင့် ပူးတွဲ၍ ဒုတိယ ၀န်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊
ရုံးအမှတ်(၂၀)၊ နေပြည်တော်သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊
အီးမေးလ်- [email protected] သို့ဖြစ်စေ၊ ဖက်စ်အမှတ် ၀၆၇- ၄၀၉၂၉၂ သို့ ဖြစ်စေ
ပေးပို့ပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

တိုင်တန်းသော အကြောင်းအရာတွင် ပြည်သူအများ ထိခိုက် နစ်နာသော အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာ
တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုများကို အဓိကထား၍ တိကျပွင့်လင်းစွာ အသိပေးတင်ပြရမည်ဖြစ်ပြီး
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေဖြင့် လက်ခံရရှိသော တိုင်တန်းချက်များ
ပေါက်ကြားမှုမရှိစေရန် စီစဉ်ထားသဖြင့် စိုးရိမ်ပူပန်မှုကင်းစွာဖြင့် တိုင်ကြားနိုင်ကြောင်း၊
တရားရုံးတစ်ရပ်ရပ်သို့ အမှုဖွင့်တိုင်တန်းထားပြီး အမှုများ၊ တရားရုံးတစ်ရပ်ရပ်က စစ်ဆေးဆဲနှင့်
ဆုံးဖြတ်ချက်ချပြီး ကိစ္စရပ်များကို တိုင်တန်းခြင်းမပြုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။