နှစ်စဉ် ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို
နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲတွင် အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ရ ရက်က ဖော်ပြထားသည်။
ဖွင့်ပွဲစတင်သည့်အနေဖြင့် စူဠာမုနိလောကချမ်းသာဘုရား တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ
လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်
ပူဇော်ပြီး ဘုရားရင်ပြင်တွင် စိန်နားပန် မီးပုံးပျံတစ်လုံးကို လွှတ်တင်ပူဇော်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ ကိန္နရီ၊ ကိန္နရာအက၊ ဓားသိုင်းအကတို့ဖြင့်
ကပြဖျော်ဖြေကြပြီး မီး ရှူး၊မီးပန်းများ၊ စိန်နားပန် မီးပုံးပျံကြီးများနှင့် Mikko Coffee Mix မှ
မီးပုံးပျံငယ် ၁၅ဝဝ လုံး လွှတ်တင်ခဲ့ကြသည်ဟု ဆိုသည်။
၂ဝ၁၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ
ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလတွင် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၅ လုံး၊ ခြေလေးချောင်း
၈၇ လုံး၊ အုပ်စု ၅၅ လုံး စုစုပေါင်း ၂၈၇ လုံး၊ ညမီးကြီး ၈ဝ လုံး၊ စိန် နားပန် ၃၆ လုံး စုစုပေါင်း
၁၁၆ လုံး၊ နေ့လွှတ်၊ ညမီးကြီး၊ စိန် နားပန် စုစုပေါင်း ၄ဝ၃ လုံး လွှတ်တင်ယှဉ်ပြိုင်၍ ပွဲတော်ကာလတွင်
ရောင်စုံဓာတ်ပုံပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည်။










