ဟောင်းနွမ်းစုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ လဲလှယ်ပေးသည့် သက်တမ်းကို တိုးမြှင့်ထား

ဟောင်းနွမ်းစုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ လဲလှယ်ပေးသည့် သက်တမ်းကို တိုးမြှင့်ထား

မြန်မာနိုင်ငံအတွင်း ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ ပပျောက်စေရန် ငွေစက္ကူ
လဲလှယ်ပေးသည့် စီမံချက်သက်တမ်းကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြုထားကြောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်း တစ်ရပ်တွင် နိုဝင်ဘာ ရ ရက်က ဖော်ပြထားသည်။

တစ်ကျပ်တန်မှ စတင်ကာ ကျပ် ၅ဝဝဝ တန်အထိ လဲလှယ် ပေးရာတွင် ထက်ပိုင်းပြတ်နေသည့်
ငွေစက္ကူနှစ်ခုအား ဆက်ထားပါက ငွေစက္ကူနှစ်ခု တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဖြေလျှော့၍
လဲလှယ်ပေးရန်၊ ငွေစက္ကူ၏ မျက်နှာစာတစ်ဖက်တွင် အင်္ဂလိပ် သို့မဟုတ် မြန်မာအက္ခရာနှင့်
ဂဏန်းအပြည့် အစုံပါရှိပြီး မျက်နှာပြင်ဧရိယာသည် သုံးပုံနှစ်ပုံထက် မငယ်သည့် ငွေစက္ကူများအပြင်
ထက်ဝက်ကျော်သည့် ငွေစက္ကူများကိုပါ လက်ခံလဲလှယ်ပေးရန် နိုင်ငံပိုင်ဘဏ်များသို့ ဗဟိုဘဏ်က
ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအစစ်အမှန်ဖြစ်ပြီး ဟောင်းနွမ်း၊ စုတ်ပြဲ၊ ဆီစွန်း၊ ဓာတ်ဆီ၊
ဆိုးဆေးစွန်းနေသော်လည်း ထက်ဝက်ထက် ကျော်သည့် ငွေစက္ကူများကို ကျောဘက်တွင်
စက္ကူ၊ တိပ်ကပ်စရာ မလိုဘဲ လက်ခံလဲလှယ်ပေးကြောင်း၊ မီးလောင်၊ ခြကိုက်၊ ဆွေးမြည့် စသည့်
ငွေစက္ကူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌သာ လဲလှယ်နိုင်သည့်အတွက် ဘဏ်သို့
လာရောက်လဲလှယ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မီးသတ်ဦးစီးဌာန၊
မြို့နယ်ရဲတပ်ဖွဲ့ထောက်ခံချက်မူရင်း၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မိတ္တူများ ပူးတွဲ၍
လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားရာတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခွဲများသို့
ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ကြောင်း၊ တောင်သူများအတွက်
စိုက်ပျိုးရေးစရိတ် ချေးငွေပြန်ဆပ်သည့်အခါတွင် ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော
ငွေစက္ကူများပါဝင်ပါက လဲလှယ်ပေးကြောင်း သိရသည်။