ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှစ၍ ကျင်းပမည်

ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှစ၍ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှ
၃၁ ရက်အထိ ပန်းပွဲတော် ကျင်းပရန် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ရ ရက်က ဖော်ပြထားသည်။

(၁၁) ကြိမ်မြောက်ကျင်းပမည့် ယခုနှစ်ပန်းပွဲတော်သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်
အများအပြားလာ ရောက်မည်ဟု မျှော်မှန်းထားကြောင်း၊ ယခုအခါ ကန်တော်ကြီး အမျိုးသားရုက္ခဗေဒ
ဥယျာဉ်၌ ကျင်းပမည့် ပန်းပွဲတော်အတွက် သစ်ပင်ပန်းမန်များကို အလှဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများ
အပြင် အခြားပြင်ဆင်မွမ်းမံခြင်းများကိုလည်း စတင် စီစဉ်ဆောင်ရွက်နေပြီး ဒေသထွက်ကုန်ပစ္စည်းများ၊
ဆွယ်တာ အနွေးထည်များ၊ လက်မှုပစ္စည်းများနှင့် အခြားအမှတ်တရ ပစ္စည်းများ ပြသရောင်းချမည့်
အရောင်းဆိုင်ခန်းများ ဖွင့်လှစ်သွားရန်ရှိကြောင်း ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နှစ်ပေါင်း ၁ဝဝ ခန့် သက်တမ်းရှိပြီဖြစ်သော ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်ကို
တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားပြီး စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ ၄၃၇ ဧကခန့်ရှိကြောင်း၊
နှစ်စဉ် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်ဦးရေ သန်းနှင့် ချီ၍ လာရောက် အပန်းဖြေလေ့ရှိပြီး
ကမ္ဘာပေါ်၌ ထင်ရှားကျော် ကြားသော ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်ကြောင်း သိရသည်။