ယခုနှစ်တွင် ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု သိသာစွာ
များပြားလာပြီး ရှေးဟောင်းပစ္စည်းများ ရှာဖွေဝယ်ယူရန် လာရောက်ကြသူများလည်း ရှိကြောင်း
မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ရ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များကို ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံရှေးဟောင်း
ယဉ်ကျေးမှု နယ်မြေနှင့် ညောင်ဦး စသည့်ဒေသတို့၌ အများဆုံးတွေ့ရပြီး ပြည်တွင်းသို့ နိုင်ငံခြား
ခရီးသွားဧည့်သည်များ ဝင်ရောက်မှုတိုးမြင့်လာသည်နှင့်အမျှ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များသို့
နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ဝယ်ယူအားပေးကြသောကြောင့် ယခင်ကထက်
ရောင်းအားပိုကောင်းလာကြောင်း ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်းပစ္စည်းရောင်းချသော ဆိုင်ကြီးများသာမက လမ်းဘေးဆိုင်များမှလည်း
ဝယ်ယူမှုများပြားလာသဖြင့် နိုင်ငံခြားခရီးသွားဧည့်သည် အသွားအလာများသော နေရာများ၌
ရှေးဟောင်းပစ္စည်းရောင်းချသည့် လမ်းဘေးအရောင်းဆိုင်များ တိုးမြှင့်ဖွင့်လှစ်လာကြသည်ကို
တွေ့ရသည်။
ရှေးဟောင်းပစ္စည်း ဝယ်ယူသော နိုင်ငံခြားခရီးသွားဧည့်သည်များတွင် ဗြိတိသျှ၊ ပြင်သစ်၊ အီတလီ၊
ဂျာမနီ စသည့်နိုင်ငံများမှ ဥရောပတိုက်သားများသာမက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊
တရုတ် (တိုင်ပေ) စသည့် နိုင်ငံများက အာရှတိုက်သားများကိုလည်း တွေ့ရကြောင်း၊ အဝယ်များသော
ရှေးဟောင်းပစ္စည်းများမှာ ကင်မရာ၊ တယ်လီဖုန်း၊ မှန်ဘီလူး၊ ခေါင်းလောင်း၊ ရေနွေးကရား၊ မျက်မှန်၊
ဒင်္ဂါးပြားများ၊ ရှေးဟောင်းငွေအကြွေစေ့နှင့် ငွေစက္ကူတို့ ဖြစ်ကြောင်း သိရသည်။










