မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်နှင့် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတို့ကို
ဆက်သွယ်ပေးမည့် သံလွင်တံတား (ချောင်းဆုံ) ၏ တည်ဆောက်ရေးလုပ်ငန်းများကို
၂ဝ၁၇ ခုနှစ် မတ်လကုန်တွင် ပြီးစီးရန် ရည်မှန်းတည်ဆောက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ရ ရက်က ဖော်ပြထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁) နှင့် တည်ဆောက်ရေးအဖွဲ့
(၄)တို့က တာဝန်ယူ တည်ဆောက်လျက်ရှိသော သံလွင်မြစ်ကူးတံတားကြီး၏ တည်ဆောက်မှု
လုပ်ငန်းများမှာ ယခုအခါ ၆၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂ဝ၁၇ ခုနှစ် မတ်လကုန်တွင် တံတားတစ်စင်းလုံး
ရာနှုန်းပြည့် ပြီးစီးရန် ရည်မှန်းထားကြောင်း သိရသည်။
ချောင်းဆုံဘက်ကမ်း Steel Box- တံတားအရှည် ၂၇၅၅ ဒသမ ၉ ပေနှင့် မော်လမြိုင်ဘက်ကမ်း
Steel Box- တံတား အရှည် ၆၈၉ ပေ၊ Main Steel Truss တံတားအရှည် ၁၇၅၈ ဒသမ ၅ ပေ၊
စုစုပေါင်း တံတားအရှည် ၅၂ဝ၃ ဒသမ ၄ ပေ ရှိပြီး တံတားကြီးပေါ်တွင် ယာဉ်သွားလမ်းအကျယ်
၂၈ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် သုံးပေ သုံးလက်မ ပါရှိမည် ဖြစ်ကာ ရေလမ်းကင်းလွတ်
အကျယ် ၄၂၆ ပေနှင့် ရေလမ်းကင်းလွတ် အမြင့်ဆုံးရေမှတ်အထက် ပေ ၄ဝ ရှိသည်ဟု ဆိုသည်။










