မင်းကွန်းပုထိုးတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲမှုအတွက် ရည်ရွယ်ကာ အပေါ်ထိတက်ရောက်ခွင့်ကို
ကန့်သတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ရ ရက်က
ဖော်ပြထားသည်။
အမရပူခေတ် မြန်မာ့ဗိသုကာလက်ရာမြောက် မင်းကွန်းပုထိုးတော်ကြီး၏ ရေရှည်ခိုင်ခံ့ရေးနှင့်
ဘုရားဖူးခရီးသွားများ ဘေးအန္တရာယ် ကင်းစေရေးအတွက် ပုထိုးတော်ကြီးအပေါ်ထိ
တက်ရောက်ခွင့်ကို ကန့်သတ်ကာ သံတံခါးဖြင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ
အနေဖြင့် တက်၍ ရနိုင်သည့် နေရာအထိသာ တက်ရောက်၍ ဓာတ်ပုံရိုက်ကူးနိုင်ကြောင်း သိရသည်။
ပုထိုးတော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ် တပို့တွဲလဆန်း ၅ ရက်တွင်
ဘိုးတော်မင်းတရားကြီးက တည်တော်မူခဲ့ပြီး အပြီးသတ်အောင် ထည်ထားခဲ့ခြင်း မရှိသည့်အပြင်
ငလျင်ဒဏ်ကြောင့် လေးဘက်လေးတန်မှ ပြိုကျကွဲအက်ခဲ့သော်လည်း လေးစားဖွယ်ရာ
ရှေးခေတ်မြန်မာဗိသုကာလက်ရာတစ်ခုအဖြစ် ကမ္ဘာကျော်မင်းကွန်း ခေါင်းလောင်းကြီးနှင့်အတူ
မင်းကွန်းဒေသတွင် ယနေ့တိုင် အထင်အရှားရှိနေခြင်းဖြစ်သည်။










