ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ပွဲတော် ဖြစ်သည့် (၆၁)နှစ်မြောက်
ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်ကုန်စည်ပြပွဲကို ဘားအံမြို့ သီရိကွင်း၌
နိုဝင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။
Tin Ko Ko Business Group ကုမ္ပဏီလီမိတက်၏ စီစဉ်မှုဖြင့် ကျင်းပသော
အဆိုပါကုန်စည်ပြပွဲတွင် အိုး၊ ခွက်၊ ပန်းကန်၊ မွေ့ရာ၊ ခေါင်းအုံး အစရှိသည့်
လူသုံး ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊
တိုင်းရင်းဆေးအမျိုးမျိုး၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများ အစရှိသည့်
ကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၃ဝဝ ကျော် ခင်းကျင်း၍ ရောင်းချလျက် ရှိကြောင်း
သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို နှစ်စဉ်
နိုဝင်ဘာ ရ ရက်မှ ၁၁ ရက်အထိ ကျင်းပပြီး ပျော်ပွဲရွှင်ပွဲများ၊ အားကစား ပြိုင်ပွဲများ၊
စတိတ်ရှိုးပွဲများ၊ ဇာတ်သဘင် အနုပညာ၊ ဒုံးယိမ်းအကပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော်များဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် စည်ကားစွာ
ကျင်းပသွား မည်ဟု ဆိုသည်။










