ထိုင်းဘုရင်နှင့် မိသားစုတို့၏ တော်ဝင်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို
နိုဝင်ဘာ ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတသာသနာပြုကျောင်း Sima Hall
ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူအချင်းချင်း
ကူညီရိုင်းပင်းသည့်အနေဖြင့် လှူဒါန်း ခြင်းဖြစ်ကြောင်း၊ ယခင်က ရန်ကုန်တွင်သာ
ကထိန်ခင်းသော်လည်း ထိုင်းသံအမတ်၏ လမ်းညွှန်ချက်ဖြင့် ယခုနှစ်တွင် နေပြည်တော်ရှိ
ဘုန်းကြီးကျောင်းများကို ပထမဆုံးအကြိမ်လာ ရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ခါစ
ကျောင်းရှိနေခြင်း၊ မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ထားခြင်းနှင့် ကလေးများ
ခြင်အန္တရာယ်မှ လုံခြံုစွာနေနိုင်ရေး တို့အတွက် ခေတ်အေးကျောင်းကို ရွေးချယ်ခြင်းဖြစ်ကြောင်း
ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Virasak di Futrakul က
ပြောကြားခဲ့သည်။
ထိုင်းဘုရင်နှင့် မိသားစုတို့၏ တော်ဝင်ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတွင် နဝကမ္မအလှူအဖြစ်
ထူးဖောင်ဒေးရှင်းမိသားစု၏ အလှူငွေကျပ်သိန်း ၂ဝ အပါအဝင် စုစုပေါင်းမြန်မာငွေကျပ် ရဝ၇ သိန်းနှင့်
ထိုင်းဘတ် ၄၈ဝဝဝဝ ကျော် လှူဒါန်းခဲ့ကြပြီး အခမ်းအနား အပြီးတွင် နယ်စပ်ဒေသ တိုင်းရင်းသား
လူငယ်ဖွံ့ဖြိုးရေးပရဟိတ သာသနာပြုကျောင်းရှိ မိဘမဲ့ကလေးများအား ထိုင်းနိုင်ငံ၊ ဖရထိုင်း ဆေးရုံမှ
ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုနှင့် သွားဘက်ဆိုင်ရာ စစ်ဆေးပေးခြင်း၊ တိုနီထွန်းထွန်းနှင့်
အဖွဲ့က ဆံပင်ညှပ် ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။










