မုဒုံစောင်ရက်ကန်းလုပ်ငန်းများ မတိမ်ကောစေရန် စိတ်ဝင်စားသူများကို ရက်ကန်းရက်နည်း အခမဲ့သင်ကြားပေးမည်

မုဒုံစောင်ရက်ကန်းလုပ်ငန်းများ မတိမ်ကောစေရန် စိတ်ဝင်စားသူများကို ရက်ကန်းရက်နည်း အခမဲ့သင်ကြားပေးမည်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျိုက်ရွဲကျေးရွာထွက် မုဒုံရက်ကန်းစောင်များကို လူကြိုက်များပြီး
ဝယ်ယူမှုများ ရှိသော်လည်း ရက်လုပ်သူ ရှားပါးလာခြင်းကြောင့် ရက်ကန်းလုပ်ငန်းများ
မတိမ်ကောစေရန်နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများကို ၂ဝ၁၇ ခုနှစ်မှစ၍
ရက်ကန်းရက်လုပ်နည်း အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း မုဒုံစောင်လုပ်ငန်းလုပ်ကိုင်သူ
ဒေါ်ငွေစိန်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၈ ရက်က
ဖော်ပြထားသည်။

ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သူများပြားလာသဖြင့် မုဒုံစောင်ရက်သော ရက်ကန်းလုပ်ငန်းများ
ပပျောက်သလောက် ဖြစ်ကုန်ကြောင်း၊ ရက်ကန်းလုပ်ငန်း မတိမ်ကောစေရေးအတွက် မုဒုံစောင်
ရက်လုပ်ခြင်းကို စိတ်ဝင်စားသော လူငယ်များအား ရက်ကန်းပညာ အခမဲ့သင်ကြားပေးရန်
စီစဉ်ခြင်းဖြစ်ကြောင်း ဒေါ်ငွေစိန်က ပြောကြားခဲ့သည်။

လက်ရှိတွင် မုဒုံစောင်များမှာ စျေးကွက်အတွင်း ရောင်းချရလျက် ရှိသော်လည်း ရက်လုပ်သူ
နည်းပါးခြင်းကြောင့် ဝယ်ယူလိုသူများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း၊
ကျိုက်ရွဲကျေးရွာ၌ ယခင်က ရက်ကန်းစင်ပေါင်း ၂ဝ ကျော်ရှိခဲ့သော်လည်း ယခုအခါ ရက်ကန်းစင်
သုံးစင်သာ ကျန်ရှိတော့သဖြင့် မုဒုံစောင် ရက်ကန်းလုပ်ငန်းများ ပြန်လည်တိုးပွားလာစေရန်နှင့်
ရက်ကန်းသမားများ မပျောက်ပျက်စေရန် စောင်များ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးနိုင်သည်အထိ
သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။