သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ပြီးပါက Suzuki ကုမ္ပဏီမှ မော်ဒယ်မြင့်ကားများ ထုတ်လုပ် ရောင်းချသွားမည်

သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ပြီးပါက Suzuki ကုမ္ပဏီမှ မော်ဒယ်မြင့်ကားများ ထုတ်လုပ် ရောင်းချသွားမည်

ဂျပန်နိုင်ငံမှ Suzuki ကားကုမ္ပဏီသည် လာမည့်နှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်၌
ကားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ပြီးစီးပါက ပြည်သူများ လိုအပ်ချက်ရှိသည့် မော်ဒယ်မြင့်ကား
အမျိုးအစားများစွာကို နှစ်စဉ် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း Suzuki ကားကုမ္ပဏီ၏
မြန်မာနိုင်ငံရုံးမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ တာကာယူ ကီစုဂီရာမာ၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။

လက်ရှိတွင် Suzuki ကားကုမ္ပဏီသည် ပြည်တွင်း၌ ERTIGA နှင့် Ciaz အမျိုးအစားနှစ်မျိုးကို
ထုတ်လုပ်ထားရာ နှစ်မျိုးစလုံးကို ဝယ်ယူမှုများကြောင်း၊ ပြည်တွင်း၌ ကားအသုံးပြုလိုသူ ဦးရေနှင့်
ကားအရေအတွက် မမျှသေးသောကြောင့် Suzuki ကားကုမ္ပဏီက အကောင်းဆုံးပုံစံနှင့်
ထုတ်လုပ်ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး စိတ်ကျေနပ်မှု အပြည့်ရစေမည်ဟု အာမခံကြောင်း၊
မြန်မာနိုင်ငံ၏ ညာကပ်မောင်းလမ်းစနစ်နှင့် အဆင်ပြေမည့် ဘယ်မောင်းယာဉ် မော်ဒယ်မြင့်
အိမ်စီးကားများကို အဓိကထုတ်လုပ်ကာ ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်မည့် နှုန်းထားဖြင့်
ရောင်းချပေးမည် ဖြစ်ကြောင်း မစ္စတာ တာကာယူကီ စုဂီရာမာက ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဟက်တာ ၂ဝ ကျယ်ဝန်းသော မြေနေရာကို ဝယ်ယူပြီး
လာမည့်နှစ်တွင် အဆိုပါ ကားထုတ်လုပ်သည့် စက်ရုံကို အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း၊
လက်ရှိတွင် ကားထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းအစိတ်အပိုင်းများကို ပြည်ပမှ တင်သွင်းပြီး
ပြည်တွင်း၌ ပြန်လည်တပ်ဆင်ကာ ကားများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။