အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၅ဝဝ တန်နှင့် ၁ဝဝဝ တန်တို့ကို ဆက်လက်အသုံးမပြုရန်
ကြေညာလိုက်ခြင်းကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ
နန်းဖာလုံစျေးသို့လည်း ရိုက်ခတ်မှုများ ရှိခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့က
ဖော်ပြထားသည်။
အိန္ဒိယ-မြန်မာနယ်စပ်စျေး တစ်ခုဖြစ်သည့် နန်းဖာလုံစျေးတွင် ကုန်ပစ္စည်းရောင်းဝယ်မှုများကို
မြန်မာငွေကြေးဖြင့်သာမက အိန္ဒိယရူပီးငွေဖြင့်လည်း လက်ခံရောင်းဝယ်လျက်ရှိပြီး ရူပီး ၅ဝဝ တန်နှင့်
၁ဝဝဝ တန်များကို ဆက်လက် မသုံးစွဲရန် အိန္ဒိယ ဝန်ကြီးချုပ်က နိုဝင်ဘာ ၈ ရက်တွင် ငွေမည်းအဖြစ်
ကြေညာလိုက်သောကြောင့် အဆိုပါရူပီးငွေများကို လက်ဝယ်ပိုင်ဆိုင်ထားကြသည့် မြန်မာနိုင်ငံမှ
နန်းဖာလုံစျေးသူစျေးသား၊ ကုန်သည်များအတွက် နစ်နာမှုများ ရှိလာမည်ကို စိုးရိမ်နေကြကြောင်း
သိရသည်။
ရူပီး ၅ဝဝ တန်၊ ၁ဝဝဝ ထောင်တန်များဖြင့် စျေးရောင်း၊ စျေးဝယ် မပြုလုပ်ကြရန် နန်းဖာလုံစျေးထဲတွင်
စျေးကော်မတီက လှည့်လည် သတိပေးနှိုးဆော်ထားကြောင်း နန်းဖာလုံစျေးမှ ဦးအောင်ဇော်လင်း ၏
ပြောပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများက ပြန်လဲပေးမည်ဟု သိရပြီး ကုန်သည်များနှင့် နီးစပ်ရာ
အသိုင်းအဝိုင်းများ မှတစ်ဆင့် ဝိုင်းဝန်းဖြေရှင်းကြရမည်ဖြစ်ကြောင်း တမူးမြို့မှ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားခဲ့သည်။










