လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်
UN အဖွဲ့အစည်းများ၊ INGOs နှင့် NGOs များ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ
မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း
ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၁၁ ရက်က ဖော်ပြထားသည်။
အဆိုပါ အလွတ်တန်းဆောင်းပါးပြိုင်ပွဲအတွက် သတ်မှတ် ထားသော ခေါင်းစဉ်မှာ မသန်စွမ်းသူတို့
အနာဂတ်သာယာဖို့၊ ပန်းတိုင်(၁၇)ရပ်ဆီသို့ အရောက်လှမ်းစို့ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်လိုသူများသည်
စာမူများကို ကွန်ပျူတာဖြင့် ငါးမျက်နှာ (သို့) လက်နှိပ်စက်ဖြင့် ခြောက်မျက်နှာ (သို့) လက်ရေးဖြင့်
ခုနစ်မျက်နှာထက် မပိုဘဲ ရေးသားကာ ကိုယ်တိုင်ရေးစာမူ ဖြစ်ကြောင်း ဝန်ခံချက်နှင့်အတူ
စာမူမူရင်းနှင့် မိတ္တူ၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံနှစ်ပုံ၊ အမည်စာရင်း၊ ကလောင်အမည်၊ မိဘအမည်၊
နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့်
တယ်လီဖုန်းနံပါတ်နှင့် ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်းချုပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်သို့
နိုဝင်ဘာ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်တစ်ဦးအတွက် ဆောင်းပါးစာမူတစ်ပုဒ်သာ တင်သွင်းခွင့်ရှိပြီး ပြိုင်ပွဲဝင်စာမူကို အထက်ပါ
ရက်မတိုင်မီ လူမှုဝန်ထမ်း ဦးစီးဌာန E- mail: [email protected] သို့
လည်းကောင်း၊ ဖက်စ်- ၀၆၇- ၄၀၄၀၃၄ သို့လည်းကောင်း ကြိုတင်ပေးပို့ထားနိုင်ပြီး မူရင်းစာမူကို
နိုဝင်ဘာ ၂၃ ရက်အရောက် လူကိုယ်တိုင်ဖြစ်စေ၊ အမြန်ချောပို့ဖြင့်ဖြစ်စေ မပျက်မကွက် ပေးပို့ရမည်
ဖြစ်ကြောင်း၊ ဆုရရှိသူများကို ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၂၀၁၆ ခုနှစ်
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား၌ ဆုချီးမြှင့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြိုင်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၏ ၀က်ဘ်ဆိုက်
www.dsw.gov.mm နှင့် www.un.org/disabilities/ တွင် ဖတ်ရှုနိုင်သကဲ့သို့ အသေးစိတ်
သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ ဖုန်း-၀၆၇-၄၀၄၃၇၈နှင့်
၀၆၇-၄၀၄၂ ၉၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။









