ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း မကြာမီ ပြီးစီးမည်

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း မကြာမီ ပြီးစီးမည်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်
ကောင်းမွန်လာစေရန် ရခိုင်ပြည်နယ် စစ်တွေမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် ဒီဇင်ဘာလတွင်
ရာနှုန်းပြည့်ပြီးစီးမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၉ ရက်က ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားဆိပ်ကမ်း၊ မီဇိုရမ်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတို့ကို
ချိတ်ဆက်ကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်စေမည့် ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းအတွက် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ ၂ဝဝ၈ ခုနှစ်အတွင်း
သဘာတူစာချုပ်လက်မှတ်ရေးထိုးကာ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလတွင် စတင် အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆ဝဝဝ ရေယာဉ်များ ဝင်/ထွက် ဆိုက်ကပ်နိုင်ရေးအတွက်
လုံလောက်သော ရေအနက်ရရှိစေရန် သောင်တူးခြင်း၊ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၂ဝဝဝဝ ရေယာဉ်
ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား တစ်စင်းတည်ဆောက်ခြင်း၊ တန်ချိန် ၃ဝဝ မြစ်တွင်းသွား ရေယာဉ်
ခြောက်စင်း တည်ဆောက်ခြင်း၊ စစ်တွေနှင့် ပလက်ဝ တို့တွင် တန်ချိန် ၃ဝဝ မြစ်တွင်းသွားရေယာဉ်များ
ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်းတည်ဆောက်ခြင်း၊ စစ်တွေမှ ပလက်ဝအထိ ကုလားတန်
မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြ အမှတ်သားများ ပြုလုပ်တပ်ဆင်ခြင်းနှင့် ပလက်ဝမှ
မြန်မာ-အိန္ဒိယနယ်စပ်သို့ အဝေးပြေးမော်တော်ကားလမ်း ဖောက်လုပ်ခြင်းတို့ ပါဝင်ကြောင်း
သိရသည်။