သီရိမင်္ဂလာစျေး ပျံကျစျေးသည်များကို ယာယီနေရာပြန်ချပေး

သီရိမင်္ဂလာစျေး ပျံကျစျေးသည်များကို ယာယီနေရာပြန်ချပေး

ရန်ကုန်မြို့၊ လှိုင််မြို့နယ် သီရိမင်္ဂလာစျေးရှိ ပျံကျစျေးသည်များကို နိုဝင်ဘာ ၁၇ ရက်က စျေးအတွင်းရှိ
အဆောက်အအုံအတွင်း၌ သက်ဆိုင်ရာ၏ ကြပ်မတ်မှုဖြင့် ယာယီနေရာ ပြန်လည်ချထားပေးခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၁၈ ရက်က ဖော်ပြထားသည်။

စျေးကြီး၏ ဂိုဒေါင်ထဲရှိ ခြောက်ပေပတ်လည် ဆိုင်နေရာများတွင် ပျံကျစျေးသည်များကို ပြန်လည်
နေရာချထားပေးခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ နေရာပြန်လည်ချထားပေးရန်အတွက် ကြိုတင်စာရင်း
ကောက်ယူကာ အသိပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စျေးရှေ့ထွက်ပြီး ရောင်းချသော ပျံကျစျေးသည်များကို ဦးစားပေးအနေဖြင့် နေရာချထားပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန ဒုတိယဌာနမှူး
ဦးသောင်းတင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းသို့ ကုန်သေတ္တာတင် ကွန်တိန်နာယာဉ်များ ဖြတ်သန်းပြေးဆွဲမှုကို ည ၉ နာရီမှ
နံနက် ၅ နာရီအတွင်း ကန့်သတ်လိုက်သည့်အတွက် ညပိုင်းတွင် အဆိုပါစျေးကြီးရှေ့ရှိ
ဘုရင့်နောင်လမ်းမကြီးပေါ်၌ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်လေ့ရှိသောကြောင့် ယခုကဲ့သို့
နေရာပြန်လည်ချ ထားပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစျေးကြီး၌ ပျံကျ စျေးသည် ၁၄၄ဝ ရှိသည့်အနက် စျေး၏ အရှေ့မျက်နှာစာဖြစ်သည့်
ဘုရင့်နောင်လမ်းမကြီးဘေး၌ စျေးရောင်းချခြင်းနှင့် စျေး၏ ကားပါကင် နေရာများ၌ ဝင်ရောက်
ရောင်းချနေသည့် ပျံကျစျေးသည် ၉၈ဝ တို့အား ဦးစားပေးအနေဖြင့် နေရာပြန်လည်ချထားပေးလျက်
ရှိသည်။

ထိုသို့နေရာချထားပေးရာတွင် အမှန်တကယ်ရောင်းချခြင်း ရှိ၊ မရှိ ကို နှစ်ပတ်ကြာ စောင့်ကြည့်
စိစစ်ကာ ရောင်းကုန်ပစ္စည်းပေါ် မူတည်ပြီး မဲစနစ်ဖြင့် စနစ် တကျနေရာပြန်လည်ချထားပေးသွားမည်
ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခု နေရာချထားပေးသည့် ဆိုင်နေရာအတွက် တစ်လတာ အခမဲ့ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး
တစ်လပြည့်ပါက ဂိုဒေါင်ကို သက်ဆိုင်ရာမှတစ်ဆင့် ငှားရမ်းထားသည့် အမျိုးသားကြီးပွား
တိုးတက်ရေးကုမ္ပဏီအား ညှိနှိုင်းစျေးနှုန်းများအရ ဆိုင်နေရာငှား ရမ်းခကျသင့်ငွေကို ပေးဆောင်ရမည်
ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အဆိုပါကုမ္ပဏီတို့၏
ဆွေးနွေးညှိနှိုင်းမှုများအရ ခြောက်ပေ ပတ်လည်ဆိုင်နေရာတစ်ခုကို တစ်လလျှင် ငွေကျပ် ငါးသောင်း
ကျပ်နှုန်းဖြင့် ငှားရမ်းခွင့်ပြုရန် သဘောတူထားကြောင်း စျေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်က
ဆိုသည်။