ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော ပင်လယ်ရေနက်ဆိပ်ကမ်း
အစီအစဉ် ဆောင်ရွက်ပြီးစီးပါက ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ မြို့နယ်များသည် ကုန်သွယ်ရေး
မဟာဗျူဟာ မြောက်နေရာများ ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များ၏
သုံးသပ်ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် နိုဝင်ဘာ ၁၈ ရက်က
ဖော်ပြထားသည်။
တောင်ဘက်စွန်းပင်လယ်ဝ၌ တည်ရှိသည့် ရန်ကုန်မြို့တော် ဆိပ်ကမ်းကို အဆင့်မြင့်နိုင်ငံ
တကာဆိပ်ကမ်းအဖြစ် ဖော် ဆောင်ရန် လျာထားပြီး ရန်ကုန်မြို့တော်ဆိပ်ကမ်းဧရိယာ
များတွင် အများပြည်သူ အနားယူနိုင်ရန်၊ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်
လည်ပတ်နိုင်မည့် ဆိပ်ကမ်းအလှ ဖြင့် ဆွဲဆောင်ကာ စီးပွားရေးတိုးတက်လာစေရန်
အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေသကဲ့သို့ ကြည့်မြင်တိုင်
တစ်ဖက်ကမ်းရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင်လည်း
ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့အနီး၌လည်း ပင်လယ်ရေနက်ဆိပ်ကမ်း
တစ်ခုကို တစ်ပြိုင်တည်း ဖော်ဆောင် ရန် ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီး ကြားရှိ ဆက်စပ်ဧရိယာများမှာ ပြည်တွင်းပြည်ပ စီးပွားရေးနှင့်
ကုန်သွယ်ရေးအရ ဆက်သွယ်သွားလာနိုင်သည့် ကုန်သွယ်မှု မဟာဗျူဟာကျသော
ဒေသများ ဖြစ်လာမည်ဟု ဆိုသည်။










