ပြည်တွင်းပြည်ပ ခရီးသည်များပြားလာသဖြင့် မှော်ယာကြီး ဆင်စခန်းတွင် ဆင်ကောင်ရေ ထပ်မံတိုးမြှင့်မည်

ပြည်တွင်းပြည်ပ ခရီးသည်များပြားလာသဖြင့် မှော်ယာကြီး ဆင်စခန်းတွင် ဆင်ကောင်ရေ ထပ်မံတိုးမြှင့်မည်

သဘာဝအခြေပြု ခရီးသွားနယ်မြေ မှော်ယောကြီး ဆင်စခန်း တွင် လာရောက်လည်ပတ်သူ ပြည်တွင်း၊
ပြည်ပခရီးသည် တိုးတက်များပြားလာသဖြင့် ယခုလအတွင်း ဆင်အကောင်ရေ
ထပ်မံတိုးမြှင့်ထားရှိသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
နို၀င်ဘာ ၂၀ ရက်က ဖော်ပြထားသည်။

သဘာဝခရီးသွားနယ်မြေအဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သော မှော်ယောကြီးဆင်စခန်းသည်
ပဲခူးတိုင်း ဒေသကြီး အိုင်တုံ ကွန်းကြိုးဝိုင်း အကွက်အမှတ် (၁၃) တွင် ရှိ မြန်မာ့သစ်လုပ်ငန်း၏
ဆင်စခန်းတစ်ခု ဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁ဝ၅ မိုင် ၄ ဖာလုံတွင်
တည်ရှိသောကြောင့် ခရီးသွားလာရေး လွယ်ကူပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်
လာရောက် လည်ပတ်မှု တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။

မှော်ယောကြီးဆင်စခန်းတွင် သဘာဝတောတောင်များကို ဆင်စီးပြီး ကြည့်ရှုခြင်း၊
ဆင်များ၏ သဘာဝအလေ့အထများကို လေ့လာခြင်းများအပြင် မှော်ယောလေးချောင်းအတိုင်း
လမ်းလျှောက်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ ဆင်စာ ကျွေးခြင်းများကို ပြုလုပ်နိုင်သဖြင့်
ပြည်တွင်း၊ပြည်ပခရီးသွားများ အတွက် အပန်းလည်းပြေ၊ ဗဟုသုတလည်း ဖြစ်စေနိုင်ကြောင်း၊
လည်ပတ်သူ တိုးတက်များပြားလာခြင်းကြောင့် လက်ရှိ ဆင် ၁၆ ကောင်ရှိနေရာမှ ယခုလအတွင်း
နောက်ထပ် ဆင် ၆ ကောင် ထပ်မံ တိုးမြှင့်ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို ရပ်နားထားရသော်လည်း
ဆင်များကို ထိန်းသိမ်း စောင့်ရှောက်ရသည့် လုပ်ငန်းများသည် ရပ်နားထား၍ မရသော ကြောင့်
ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆင်ဦးစီးများ အလုပ်အကိုင်ရရှိစေရန်နှင့်
မြန်မာ့ခရီးသွားလုပ်ငန်း ကိုလည်း အထောက်အကူဖြစ်စေရန်အတွက် ဆင်စခန်းများကို
သဘာဝ ခရီးသွားနယ်မြေများအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေခြင်း ဖြစ်သည် ဟု ဆိုသည်။