ပြည်တွင်းလုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော် ပါဝင်ပြသမည့် "မြန်မာ့ထုတ်ကုန်များ စျေးကွက်မြင့်တင်ခြင်း
ပွဲတော်နှင့် အောင်မြင်ကျော်ကြား ထုတ်ကုန်များပြပွဲ" ကို ပုဂံဒေသ ရွှေစည်းခုံးဘုရားကွင်းတွင်
ဒီဇင်ဘာ ၃၀ ရက်မှ စတင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂင်္ဂါရွှေနဒီသဘာဝထုတ်ကုန် လုပ်ငန်း၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင် နိုဝင်ဘာ ၁၈ ရက်က ဖော်ပြထားသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် အဆိုပါ ပြပွဲကို
ဂင်္ဂါရွှေနဒီ သဘာဝထုတ်ကုန်လုပ်ငန်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံ နှင့် နည်းပညာအသင်းတို့
ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ ထုတ်ကုန်များ စျေးကွက်မြင့်တင်ခြင်းပွဲတော်နှင့် အောင်မြင်
ကျော်ကြား ထုတ်ကုန်များပြပွဲတွင် ဆိုင်ခန်းပေါင်း (၆၀၀) ကျော် ခင်းကျင်းပြသသွားမည်
ဖြစ်သကဲ့သို့ အစားအစာများ ၏ အရည်အသွေး ကောင်းမွန်အောင် မည်သို့ ထုတ်လုပ်ရမည်၊
နိုင်ငံတကာစျေးကွက်တွင် မည်သို့ ယှဉ်ပြိုင်ရမည်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း
အစာအဟာရဆိုင်ရာ သိပ္ပံ နှင့် နည်းပညာအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းကြည်က ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲတွင် ဆီလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ လက်ဖက် ခြောက်လုပ်ငန်း၊ မြန်မာ့သနပ်ခါးလုပ်ငန်း၊
ပုန်းရည်ကြီး နှင့် ယိုလုပ်ငန်း၊ ချည်ထည် ပိုးထည်လုပ်ငန်း၊ အချိုရေးလုပ်ငန်း၊ မြန်မာ့လက်မှုလုပ်ငန်း၊
မြန်မာ့ဖိနပ်လုပ်ငန်း၊ မြန်မာ့အစား အသောက်များ အသင့်စားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊
မြန်မာ့ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း နှင့် လက်ယက်ကန်းလုပ်ငန်း
စသည့်တို့ ပါဝင်ပြသမည် ဖြစ် ပြီး စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ရွှေတံဆိပ် (၄)
ဆုရှင် ရွှေလဝန်း အနုသုခုမအလင်္ကာဥယျာဉ် ဂီတအက ပဒေသာဖျော်ဖြေရေးအဖွဲ့၏
မြန်မာ့ရှေးမြေဝိုင်းဇာတ်ပွဲ ကပြ ဖျော်ဖြေမှုများလည်း ပါ၀င်မည် ဖြစ်ကြောင်း သိရသည်။









