ရန်ကုန်မြို့ မြစ်ချောင်းများအတွင်း အကောင်အထည်ဖော်မည့် ရေကြောင်းသယ်ယူပို့ဆောင်ရေး
စနစ်ကို လှိုင်မြစ်နှင့် ငမိုးရိပ် ချောင်းတစ်လျှောက် အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း
ပြည်ပလုပ်ငန်းရှင်များကို စတင်တင်ဒါခေါ်ယူလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် နို၀င်ဘာ ၂၃ ရက်က ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း Water Taxi စနစ် အကောင် အထည်ဖော်ရန် ယခုနှစ်အတွင်း
သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့နှင့် ဂျပန်၊ အင်္ဂလန်၊ ပြင်သစ်တို့မှ ကျွမ်းကျင်ပညာရှင်များက
ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုစွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းတို့အား ကွင်းဆင်းလေ့လာခဲ့ပြီး
နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက် အတွင်း တင်ဒါလျှောက်ထားနိုင်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
လှိုင်မြစ်ကြောင်းတစ်လျှောက်တွင် ခရီးသည် ၅ဝ မှ ၁ဝဝ ကြား တင်ဆောင်နိုင်သော ရေယာဉ်များ၊
ငမိုးရိပ်ချောင်းတစ်လျှောက် တွင် ခရီးသည် ၃၅ ဦးမှ ၆ဝ ကြား တင်ဆောင်နိုင်သော ရေယာဉ်များဖြင့်
ပြေးဆွဲသွားနိုင်ရန် လျာထားကြောင်း၊ Water Taxi လုပ်ငန်း အတွက် အဆိုပြုလွှာလျှောက်လွှာပုံစံနှင့်
တင်ဒါစည်းမျဉ်းစည်းကမ်း ချက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အခန်း(၂၁၆) တွင်
ဒီဇင်ဘာ ၂ဝ ရက်အထိ ရုံးချိန်အတွင်း ရောင်းချကာ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့်အညီ
ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့မှု များအရ ရန်ကုန်မြစ်နှင့်
လှိုင်မြစ်တွင် လှိုင်သာယာမှ ပန်းဆိုးတန်း ခရီးစဉ်၌ ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်း၌
ဒဂုံမြို့သစ်မြောက်ပိုင်း မှ ညောင်တန်းအထိ ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခုကို လျာထား
သတ်မှတ်ပြီး ဘတ်စ်ကား သယ်ယူ ပို့ဆောင်ရေးနှင့် ချိတ်ဆက်နိုင် ရန် စီစဉ်နေကြောင်း
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။










