၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့နံနက် ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဂျပန်နိုင်ငံ၊
ဖူကူရှီးမားခရိုင်၊ အီဝကိမြို့ အရှေ့မြောက်ဘက် ၆၇ ကီလိုမီတာအကွာတွင် အင်အားပြင်း
ငလျင်လှုပ်ခတ်ခဲ့ပြီး ဖူကူရှီးမားခရိုင်၊ မီရဂိခရိုင်တို့တွင် ၁ မီတာ မှ ၃ မီတာ အမြင့်ရှိ
ဆူနာမီရေလှိုုင်းများ ဝင်ရောက်နိုင်သော ကြောင့် ၎င်းဒေသများတွင် နေထိုင်ကြသော
မြန်မာနိုင်ငံသား များအနေဖြင့် သံရုံးသို့ ဆက်သွယ်အကြောင်းကြားကာ အကူအညီ
တောင်းခံနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ
၂၂ ရက်က ဖော်ပြထားသည်။
မြန်မာသံရုံးအနေဖြင့် သံရုံးသို့ သတင်းပေးပို့ထားသော မြန်မာ နိုင်ငံသားများ၊ ပညာသင်
ကျောင်းသားများထံ ဖုန်းဖြင့် ဆက်သွယ် သတင်းမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး
ဖူကူရှီးမားခရိုင် နှင့် မီရဂိခရိုင်တို့တွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေ ဖြင့်လည်း
အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက သံရုံး ဖုန်း နံပါတ် ဝ၃-၃၄၄၁-၉၂၉၁ သို့
လည်းကောင်း၊ အရေးပေါ်ဖုန်းနံပါတ် ဝ၈ဝ-၄၁၁၈-၃၃၂၂ သို့လည်းကောင်း၊
ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ
အသိပေး ကြေညာထားသည်။
ယခုအခါ Tsunami warnings အား အဆင့်အနည်းငယ်လျော့ချလိုက်ပြီးဖြစ်သော်လည်း
၎င်းဒေသတွင် နေထိုင်ကြသော မြန်မာ နိုင်ငံသားများအနေဖြင့် သတိမပြတ်ရှိကြရန်နှင့်
အရေးပေါ်အခြေ အနေတွင် အလျင်အမြန် ထွက်ခွာရှောင်တိမ်းနိုင်ရန်အတွက် လိုအပ်သော
စာရွက်စာတမ်းများ၊ အသက်ကယ်ပစ္စည်းများကို ကိုယ်နှင့် တစ်ပါတည်း ယူဆောင်ထားပြီး
အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်လွှင့်ချက်များကိုလည်း မပြတ် စောင့်ကြည့်ကြရန်လည်း
နှိုးဆော်ထားကြောင်း သိရသည်။









