ယခု ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပေါင်း ရ၃ဝ၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး သတ်မှတ်
စည်းကမ်းများ မလိုက် နာသည့် ဆိုင်ပေါင်း ၂၈၂ ဆိုင်ကို လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန က စားသောက်ဆိုင်များ
လိုက်နာရန် စည်းကမ်းချက် ၁၂ ချက် ထုတ်ပြန်ထားပြီး စားသောက်ဆိုင်များကို နှစ်စဉ်စစ်ဆေးခြင်းနှင့်
ရှောင်တခင် စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လိုက်နာရန် စည်းကမ်းများနှင့်အညီ
ကြီးကြပ်ခြင်း၊ စားဖိုဆောင် စစ်ဆေးခြင်းများ လုပ်ဆောင်၍ စားသုံးရန် သင့်လျော်သော
အစားအသောက် ထောက်ခံချက်လက်မှတ် ထုတ်ပေးလျက်ရှိကြောင်း၊ စည်းကမ်းဖောက်ဖျက်ကြောင်း
တွေ့ရှိပါက ထောက်ခံချက်လက်မှတ် ကို ပြန်လည်သိမ်းယူကြောင်း သိရသည်။
အဆိုပါ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဥပဒေပုဒ်မ (၅၃) အရ ဒဏ်ကြေးငွေရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်
လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင်နှင့်
မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း
ဖော်ပြ ထားသည်။










