ရှေးဘုရင်မင်းဆက်(၃၁)ဆက် ထီးနန်းစိုးစံခဲ့သော အင်းဝမြို့ဟောင်းဒေသသို့ ပြည်တွင်းပြည်ပ
ခရီးသွားများ လာရောက်လည်ပတ်မှုများပြားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာ တွင် နိုဝင်ဘာ ၂၄ ရက်က ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ တောင်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့၏
အနောက် တောင်ဘက် မိုင် ၂ဝ ခန့်အကွာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် (မြစ်ငယ် မြစ်) တို့
ဆုံရာတွင် တည်ရှိသော အင်းဝဒေသသို့ ယခု ရက်ပိုင်းအတွင်း နိုင်ငံခြားသားများ
လာရောက်လေ့လာမှု များပြားနေကြောင်း၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ဘက်မှ တဆင့်
အဖွဲ့လိုက် အလာများကြောင်း၊ ဧရာဝတီမြစ်အလှ ကို အိုးထုတ္တန်းဆိပ်ကမ်းမှ ခံစားရန်
ဝင်ရောက်လာကြသကဲ့ သို့ မြင်းလှည်းစီးကာ အင်းဝ အထင်ကရနေရာများဖြစ်သော
မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း၊ လေးထပ်ကြီးဘုရား၊
လောကမာရ်အောင်စေတီတော်၊ ရတနာ ဆီမီးဘုရားစု၊ ဒေါ်ဂျမ်းဘုရားစုနှင့် အခြား
ရှေးဟောင်း အဆောက်အအုံများသို့ လှည့်လည်လေ့လာကြကြောင်း အပြင်စံရာကျေးရွာမှ
ဒေသခံ တစ်ဦးက ပြောပြခဲ့သည်။
သက္ကရာဇ် (၇၂၆) ခုနှစ်တွင် သတိုးမင်းဖျား စတင်တည် ထောင်ခဲ့သော အင်းဝမြို့တွင် ရှေး
ဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့ကြသည့်အတွက် ရှေးဟောင်း သာသနိက
အဆောက်အအုံများ၊ နန်းတော်ဆောင်၊ မြို့ရိုးနှင့် ပြသာဒ်တို့၏ ဗိသုကာတည်ဆောက်ပုံနှင့်
အမွမ်းပန်းလက်ရာ များကို တွေ့ရှိနိုင်ရုံသာမက နံရံဆေးရေးပန်းချီရှိသော ဘုရား (၅)ဆူ၊
ရှေးဟောင်းကျောက်စာ ရှိသော ဘုရား (၇) ဆူနှင့် ကြေးခေါင်းလောင်းစာရှိသောဘုရား (၃) ဆူ၊
ရှေးဟောင်း အဆောက်အအုံ စုစုပေါင်း (၆၂၄) ခု ရှိကြောင်း မှတ်တမ်း များအရ သိရသည်။










