ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံး အမှုထမ်းတစ်ဦး၏ ကိုယ်ကျင့်သိက္ခာနှင့်
မညီညွတ်သော စွပ်စွဲပြောကြားချက်များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ်
ဦးထင်လင်း က UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection)
Mr. Volker Turk ထံ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ သဘောထားကို ပြောကြားကာ
ကန့်ကွက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက
နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ဖော်ပြထားသည်။
ဘီဘီစီသတင်းဌာန၏ နိုဝင်ဘာ ၂၄ ရက် သတင်းတွင် ဖော်ပြ ပါရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ
Cox Baazaar အခြေစိုက် UN HCR ရုံးအမှုထမ်း John McKissick ၏ ကုလသမဂ္ဂဝန်ထမ်း
တစ်ဦးတွင် ရှိသင့်သော ကိုယ်ကျင့် သိက္ခာနှင့် မညီညွတ်သည့်၊ UNHCR ၏ လုပ်ငန်းများအပေါ်
ထားရှိသည့် ယုံကြည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်ပျက်ပြားစေနိုင်သည့်၊ အခြေအမြစ်
မရှိသည့် တစ်ဖက်သတ်စွပ်စွဲပြောကြားချက်များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း
ကိုယ်စားလှယ်သံအမတ်ကြီး ဦးထင်လင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ
UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection) ဖြစ်သူ Mr. Volker Turk
နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ဂျီနီဗာမြို့ရှိ UNHCR ရုံးချုပ်၌ သွားရောက်တွေ့ဆုံပြီး
ကန့်ကွက်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ ဘီဘီစီမှ ထုတ်ပြန်ခဲ့ သည့် John McKissick ၏
ပြောကြားချက်ကို ၄င်းအနေဖြင့် အမှန်တကယ်ပြောကြားခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပေးရန်၊ ပြောကြား
ခဲ့ခြင်းမရှိပါက ထိုကဲ့သို့ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်း ထုတ်ပြန်ပေးရန်၊ ပြောကြားခဲ့သည်
ဆိုပါက ပါဝင်သည့် အချက် များမှာ မှန်ကန်မှုမရှိသောကြောင့် ကန့်ကွက်ကြောင်း၊ ထိုသို့
ပြောကြားခြင်းသည် ကုလသမဂ္ဂဝန်ထမ်းများ လိုက်နာရမည့် Code of Conduct နှင့်
မညီညွတ်ကြောင်း၊ UNHCR၏ ဂုဏ် သိက္ခာကို ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံနှင့် အစိုးရ၏
ဂုဏ် သိက္ခာကို ထိခိုက်စေသဖြင့် ၄င်း၏ ပြောကြားချက်နှင့်ပတ်သက်၍ စိစစ်ပြီး ပြန်လည်
ဖြေရှင်းပေးရန် မေတ္တာရပ်ခံကြောင်း၊ စာ ရေးသားကန့်ကွက်ရန် လိုပါက စာပေးပို့သွားမည်
ဖြစ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားခဲ့ ကြောင်း
သိရသည်။
Mr. John McKissick ၏ ပြောကြားချက်သည် ၄င်း၏ Individual capacity ဖြင့် ပြောကြားခြင်း
ဖြစ်ပြီး UNHCR ၏ ရပ်တည်ချက်ကို ကိုယ်စားမပြုကြောင်း၊ အမြဲတမ်းကိုယ်စားလှယ်
မေတ္တာရပ်ခံထားသည့်အတိုင်း UNHCR အနေဖြင့် ဤကိစ္စကို ပြန်လည်စိစစ်၍ ပြန်ကြားပေးမည်
ဖြစ်ပြီး မြန်မာအစိုးရ၊ မြန်မာပြည်သူလူထုနှင့် UN HCR တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်ဆောင်ရွက် လိုပါကြောင်း၊ မည်သည့်အကူအညီမျိုးကိုမဆို ဆက်လက်ပေးအပ်
သွားမည်ဖြစ်ကြောင်း UNHCR မှ Assistant High Commissioner Mr. Volker Turk က
ပြန်လည်ဖြေကြားခဲ့သည်။










