ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ခေတ်ဟောင်း မော်တော်ယာဉ် ၁၇ စီးဖြင့်
အလည်အပတ် ရောက်ရှိနေသော ဥရောပခရီးသွား ၄၂ ဦးအဖွဲ့က ပုဂံမြို့ဟောင်း
တောင်ဘီလယ်ယားကျေးရွာရှိ ဒေသခံ ကလေးငယ်ကိုးဦးအား နိုဝင်ဘာ၂၈ ရက်တွင်
ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၉ ရက်က ဖော်ပြထားသည်။
ပုဂံမြို့ဟောင်း သရပါဂိတ်မှစတင်၍ တောင်ဘီလယ်ယား ကျေးရွာရှိ နတ်ထောင့်ဘုန်းတော်ကြီး
ကျောင်းအထိ အိုးစည် ဒိုးပတ်များဖြင့် ဦးရွှေရိုးအက၊ ကျောက်ဆည်ဆင်အကများဖြင့် မြန်မာ့ရိုးရာ
ထုံးတမ်းစဉ်လာနှင့်အညီ စီတန်းလှည့်လည်ကာ အလှူတော်မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နတ်ထောင့်ဘုန်းတော်ကြီးကျောင်း၌ ရှင်လောင်း ငါးပါးနှင့် နားသငါးပါးတို့အား
ဆံချခြင်းနှင့် သင်္ကန်းစည်းခြင်း များ ဆောင်ရွက်ခဲ့ကြပြီး အလှူပွဲလာ ဧည့်ပရိသတ်များအား
ငါးခြောက်ထောင်း၊ ပဲဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - MOI Webportal Myanmar










