ထိုင်းနိုင်ငံ (ပရာကျွတ်ခရီခန့်)နှင့် မြန်မာနိုင်ငံ (မြိတ်မြို့)တို့၏ မောင်နှမမြို့တော်
များအကြား ရင်းနှီး ချစ်ကြည်မှုတိုးမြှင့်ရေးအတွက် နိုင်ငံဖြတ်ကျော်စက်ဘီးစီးပွဲတော်
ကို ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရီခန့်ခရိုင်၊ ပရာကျွတ်ခရီခန့်မြို့နယ်၊ ဒန်းစီခွန်တောင်ခြေရှိ
နှစ်သစ်ကူးဈေးကွင်းအရှေ့ယာယီမဏ္ဍပ်၌ နိုဝင်ဘာ ၂၇ရက်က ကျင်းပခဲ့ကြောင်း
မောတောင်ဒေသစက်ဘီးစီးပွဲတော်ကျင်းပရေးကော်မတီဝင်၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၉
ရက်က ဖော်ပြထားသည်။
အဆိုပါ စက်ဘီးစီးပွဲတော်တွင် မြိတ်မြို့နယ်မှ စက်ဘီးစီး အားကစားသမား ၂၀ နှင့်
ထိုင်းနိုင်ငံမှ စက်ဘီးစီးအားကစားသမား အမျိုးသား ၄၅၇ ဦး၊ အမျိုးသမီး ၁၄၄ ဦး၊
စုစုပေါင်း စက်ဘီးစီး အားကစားသမား အမျိုးသား၊ အမျိုးသမီး ၆၂၁ ဦး ပါဝင်ခဲ့ပြီး
မြန်မာ-ထိုင်း စက်ဘီးစီး အားကစားသမားများသည် ပရာကျွတ်ခရီခန့်မြို့၊ ခယောင်း
ဝါရပ်ကွက်၊ စင်ခွန်းအထူးယာယီဂိတ်မှ စတင် စီးနင်းခဲ့ပြီး မောတောင်နယ်စပ်ဂိတ်မှ
ဝင်ရောက်၍ ၂၉ ကီလိုမီတာ အကွာအဝေးရှိသော အမှတ် (၉)ကျေးရွာ ဘုန်းကြီး
ကျောင်းသို့ ရောက်ရှိရပ်နားခဲ့ပြီးနောက် တာလွှတ်သည့်နေရာ စင်ခွန်း အထူးယာယီ
ဂိတ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နိုင်ငံဖြတ်ကျော် စက်ဘီးစီးပွဲတော်ကို ၂၀၁၅ ခုနှစ်
စက်တင်ဘာလက စက်ဘီးအစီးရေ ၁၅၀၀ ခန့်ဖြင့် ပထမအကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံမှ မောတောင် နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ်၊ မေ ၈ ရက်က တရားဝင်ဖွင့်လှစ်
ခဲ့ပြီး ထိုင်းနိုင်ငံ စင်ခွန်းဂိတ်သည် ယခုအချိန်အထိ တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသေးဘဲ
အထူးယာယီနယ်စပ်ဂိတ်အဆင့်သာ ရှိသေးကြောင်း ဖော်ပြထားသည်။










