စာတတ်မြောက်မှုအနည်းဆုံး ရှမ်းပြည်နယ်၌ အခြေခံစာ တတ်မြောက်ရေးကို ၂၀၁၇ ဇန်နဝါရီတွင် ဆောင်ရွက်မည်

စာတတ်မြောက်မှုအနည်းဆုံး ရှမ်းပြည်နယ်၌ အခြေခံစာ တတ်မြောက်ရေးကို ၂၀၁၇ ဇန်နဝါရီတွင် ဆောင်ရွက်မည်

မြန်မာနိုင်ငံ၌ စာတတ်မြောက်မှုအနည်းဆုံးဒေသဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံစာ
တတ်မြောက်ရေး လှုပ်ရှားမှုစာသင် ဝိုင်းများကို လာမည့်နှစ်ဇန်နဝါရီလတွင် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ
ခိုင်မြဲ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၉ ရက်
က ဖော်ပြထားသည်။

ကျောင်းပြင်ပပညာရေးဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး နောက် အောက်တိုဘာလက ကယား
ပြည်နယ်အတွင်း အခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှုစာသင်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်
ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် ရှမ်းပြည်နယ်၌ သင်ကြားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အရ ရှမ်းပြည်နယ်တွင် စာတတ်
မြောက်သူ အနည်းဆုံးဖြစ် နေသောကြောင့် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ရန်
စီစဉ်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ် ၁ဝ မြို့နယ်နှင့် ကျေးရွာများတွင် စာသင်
ဝိုင်းများ သင်ကြား ပေးရန် ဆောင်ရွက်နေကြောင်း၊ စာသင်ဝိုင်းအတွက် လိုအပ်သော ဆရာ၊ ဆရာမ
များကို စာသင်ဝိုင်းများတွင် နေရာ ချရန် စီစဉ်နေကြောင်း ဒေါက်တာ ခိုင်မြဲက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူ အရေ အတွက် ၃၅ သိန်းကျော်ရှိပြီး စာ
မတတ်သူ အများဆုံးရှိသည့် ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ကာ စာမတတ်သူ ၁၃၁၄၅၇ဝ ဦးရှိ ကြောင်း
နှင့် အသက် ငါးနှစ်အရွယ် ကျောင်းနေကလေး ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။