ကြည့်မြင်တိုင်ဘူတာမှ ကီလီကုန်လှောင်ရုံများသို့ မကြာမီ ကုန်ရထားပြန်လည်ပြေးဆွဲနိုင်ရန်
စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထား၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်
တွင် ဒီဇင် ဘာ ၁ ရက်နေ့က ဖော်ပြထားသည်။
လက်ရှိတွင် ထော်လီကွေ့လမ်းကူးနေရာပြီးစီးရေးအတွက် နေ့ရောညပါဆောင်ရွက်လျက်ရှိရာ
ပြီးစီးပါက ကုန်ရထား ပြေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အင်ဂျင်နီယာ တစ်ဦးက
ပြောကြားခဲ့သည်။ အဆိုပါလမ်းပိုင်းကို ၂ဝ၁၅ ခုနှစ်မှ စတင်ကာ အမှိုက်များ ရှင်းလင်းခြင်း၊
သံလမ်းနှင့် ဇလီဖား တုံးများ လဲလှယ်ကာ ကွန်ကရစ်ဇလီဖားတုံးများ ပြောင်းလဲခြင်း၊ အောက်ခံ
မြေသားမာကျောမှု ရှိစေရန် ဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် မြောင်းများ တူး
ဖော်ခြင်း၊ ကျောက်ခဲများ ထပ်ဖြည့်ခြင်း စသည်တို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ကြည့်မြင်တိုင်အထိ ပြေးဆွဲမည့် လျှပ်စစ်ရထား စီမံချက်ကြောင့် လမ်းပိုင်းကို အလျင်
အမြန် ပြုပြင်ခဲ့ကြသော်လည်း တွက်ခြေမကိုက်၍ စီမံကိန်းဖျက်သိမ်းခဲ့သည့် အချိန်တွင် ကျန်ရှိ
နေသော ယခုနေရာကို ပြန်လည်ပြုပြင်ကာ ရထားပြေးဆွဲသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြား
ခဲ့သည်။










