အလောင်းတော်ကဿပသို့ ထော်လာဂျီယာဉ်များ တက်ရောက်မှုကို လုံးဝ ခွင့်မပြုတော့
လာမည့်ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် အလောင်းတော်ကဿပသို့ ယခုနှစ်မှစတင်၍ ထော်လာဂျီ
ယာဉ်များ တက်ရောက်မှုကို လုံးဝ ခွင့်မပြုတော့ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့
တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဒီဇင်ဘာ ၆ ရက်က ဖော်ပြထားသည်။
အလောင်းတော်ကဿပကို ဘုရားဖူးလာကြသော မော်တော်ယာဉ် များ အန္တရာယ်မဖြစ်စေရန်အတွက်
ယာဉ်အမျိုးအစားအလိုက် ဘုရားဖူးခရီးသည် ဦးရေကို သတ်မှတ်ထားပြီး သတ်မှတ်ဦးရေထက် ပိုမို
တင်ဆောင်ပါက အလောင်းတော်ကဿပဘုရားကို တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ထိုင်ခုံ
လူဦးရေဖြင့် သာ ခရီးသည်ကို တင်ဆောင်ခွင့်ပြုပြီး ကားအမိုးပေါ်တင်ခွင့်မပြုကြောင်း၊ ထော်လာဂျီ
ယာဉ်များကို လုံးဝတက်ခွင့်မပြုကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့သည်။










