မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် မလေးရှား အာဏာရပါတီ UMNO က
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၄ ရက် တွင်ပြုလုပ်ခဲ့သည့် လူထုစည်းဝေးပွဲကြီးကို မြန်မာနိုင်ငံရှိ
မွတ်စလင်အဖွဲ့အစည်းက သဘောထားကွဲလွဲကြောင်း ဖော်ပြသည့် ကြေညာချက်
တစ်စောင်ကို မြန်မာနိုင်ငံရှိ မွတ်စလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်း (Coalition of
Myanmar Muslim Civil Society Groups) က ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၆ ရက်က ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ်ဦးဆောင်သည့် အဆိုပါလူထုစည်းဝေးပွဲသည် မလေးရှားအာဏာရ
ပါတီ၏ နိုင်ငံရေး အကျိုးစီးပွားအတွက်သာ ရည်ရွယ်ခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံ၌
လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အရှုပ်အထွေးများအပေါ် ကိုယ်ကျိုးရှာအမြတ်
ထုတ်ခြင်းသည် မဖြစ်သင့်သော ကိစ္စရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှုပ်ထွေးနေသည့်
နိုင်ငံရေးအခြေအနေများအပေါ် ဘာသာ ရေးကိစ္စများနှင့် ရောထွေးကာ ပြောဆိုခဲ့သည့်
ဝန်ကြီးချုပ်၏ ပြောဆိုမှုကို မနှစ်မြို့ကြောင်း၊ မြန်မာနိုင်ငံရှိ မွတ်စလင် အဖွဲ့အစည်းအနေ
ဖြင့် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ဘာသာရေးနှိပ်ကွပ်မှု တစ်ရပ်ဟု
မယူဆဘဲ အငြင်းပွားဖွယ်ရာ လူမျိုးရေးပြဿနာရပ်ဟုသာ ယူဆကြောင်း အခိုင်အမာ ပြောဆို
လိုသည်ဟု မြန်မာ နိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ
အာနန် ပါဝင်သည့် အကြံပေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း အပါအဝင် တည်ငြိမ်အေးချမ်း
မှုအတွက် ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရ က ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့
ကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် လူမျိုးရေးကိစ္စရပ်ကို အထူးသတိထားကိုင်တွယ်ရမည်
ဖြစ်ပြီး ရေရှည်တည်ငြိမ် အေးချမ်းမှုအတွက် နိုင်ငံတကာ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများနှင့်
ချဉ်းကပ်ဆောင်ရွက်မှုများ လိုအပ်နေကြောင်း၊ ရခိုင်ပြည်နယ် အရေးဖြေရှင်းမှုသည် ရှုပ်ထွေးသည့်
အခြေအနေများကြောင့် မျှော်မှန်းထားသလောက် တိုးတက်မှုမရရှိသေးသည့် အခြေအနေတွင်
ခိုင်လုံမျှတသည့် အချက်အလက်မရှိဘဲ မလေးရှား၌ စတင်လိုက်သည့် လူထုစည်းဝေးပွဲကြီးကြောင့်
ရှုပ်ထွေးနေသည့် အခြေအနေများ ရှိရင်းစွဲထက် ပိုမိုဆိုးရွားသွားစေနိုင်မည်ကို ပြည်သူလူထုအနေဖြင့်
စိုးရိမ်နေရကြောင်း၊ အာဆီယံအသိုက်အဝန်း၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုကို
ခြိမ်းခြောက်နေသည်ဟု ယူဆကြောင်းနှင့် အပြုသဘောဆာင်သည့် ရလဒ်ထွက်ပေါ်လာစေပြီး
နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို လေးစားသော ကူညီမှုမျိုးကိုသာ လက်ကမ်းကြိုဆိုသွားမည်
ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်ဟု သိရသည်။









