မန္တလေးမြို့ရှိ ကရဝိက် Mobile Hotel တွင် အပန်းဖြေသင်္ဘောစီး၍ ပြည်တွင်း၊ ပြည်ပမှ
လာရောက်တည်းခိုသူ များနှင့် နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုခံစားသူများ
လာရောက်မှုနေ့စဉ်တိုးတက်များပြားလာကြောင်း မန္တလေး ကရဝိက်ရွေ့လျားဟိုတယ်
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ
၅ ရက်က ဖော်ပြထားသည်။
ပွင့်လင်းရာသီဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပမှ လာရောက် လည်ပတ်သူများ ယခင်နှစ်
ထက် များလာပြီး ပြည်ပဧည့်သည် တစ်လလျှင် ပျမ်းမျှဦးရေ ၁၅ဝ ခန့်နှင့် ပြည်တွင်းဧည့်သည်
ဦးရေ ၃၀၀ ၊ ၄၀၀ ခန့် ရှိကြောင်း အဆိုပါဟိုတယ်မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
မန္တလေးမြို့တွင် တစ်ခုတည်းသော ရွေ့လျားဟိုတယ်သည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့
တို့တွင် ညနေ ၄ နာရီမှ ည ၆ နာရီထိ မင်းကွန်း (သို့မဟုတ်) စစ်ကိုင်းသို့ အပန်းဖြေသင်္ဘော
စီး၍ နေဝင်ချိန် ဆည်းဆာအလှကို ဧရာဝတီမြစ်အတွင်းမှ ခံစားကြည့်ရှုနိုင်ကြောင်း၊ စစ်ကိုင်း
-မင်းကွန်းအပန်းဖြေသင်္ဘောစီးရာတွင် ကလေးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှင့် လူကြီးတစ်ဦး
လျှင် ငွေကျပ် ၁၅ဝဝဝ ကုန်ကျပြီး ရွေ့လျားဟိုတယ်အနေဖြင့် အာရှအစားအစာ၊ ဥရောပ အစား
အစာ ကိုယ်တိုင် ယူစနစ် (ဘူဖေး) ဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဟိုတယ်သည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် မင်းကွန်း (သို့မဟုတ်)
စစ်ကိုင်းသို့ နေဝင်ချိန် ဆည်းဆာအလှကို ကြည့်ရှုရန် သွားလာရာတွင် အနည်းဆုံး လူဦးရေ ၅ဝ
ရှိမှသာ ထွက်ခွာကြောင်း၊ လူဦးရေမပြည့်၍ ရပ်နားထားရခြင်းမှာ မရှိသလောက် နည်းပါး၍
တစ်ခါတစ်ရံ ရာသီဥတုကြောင့်သာ ရပ်နားထားခြင်း ရှိကြောင်း၊ တည်းခိုစရိတ် အခန်းခမှာ
ငွေကျပ် ၃ဝဝဝဝ မှ ၆ဝဝဝဝ ထိ ရှိကြောင်း သိရသည်။










