စည်ပင်သာယာဥပဒေအားလုံး အသစ်ပြန်လည်ရေးဆွဲမည်

စည်ပင်သာယာဥပဒေအားလုံး အသစ်ပြန်လည်ရေးဆွဲမည်

 YCDC နှင့် ပတ်သက်သည့် ၁၉၉၂ စည်ပင်သာယာဥပဒေ အားလုံးကို ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က အသစ် ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး၊ ကရင်တိုင်းရင်းသားရေးလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသ ဉ္ဇာမျိုး၏ ပြော
ကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဒီဇင်ဘာ ၈ရက်က ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ ရန်ကုန်
မြို့တော်စည်ပင်၏ ဥပဒေ၊ နည်းဥပဒေအားလုံးကိုသာမက စည်ပင်သာယာကော်မတီမှ
ဖွဲ့စည်းထားသော ဌာန ၂၃ ခုကိုလည်း စနစ်တကျပြုပြင်ပြောင်းလဲမှု ပြုလုပ်သွားမည်
ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ခြင်းအားဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းနှင့် ပတ်သက်သည့် ကဏ္ဍများ၊ ယာဉ်ကြော ကျပ်တည်းမှုများ အစရှိသည့် ကဏ္ဍ
ပေါင်းစုံတွင် ပြောင်းလဲမှုများ တွေ့မြင်ရမည်ဖြစ်ပြီး အသစ်ဖြစ်ပေါ်လာမည့် ဥပဒေအသစ်
နှင့် ဖွဲ့စည်းပုံအသစ်အရ ၂ဝ၁၇ ခုနှစ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသ ဉ္ဇာမျိုးက ပြောကြားခဲ့သည်။

အဆိုပါပြုပြင်ရေးဆွဲမှုများ ပြုလုပ်ရန် စင်ကာပူအစိုးရ၏ ကူညီမှုဖြင့် ပညာရှင်အဖွဲ့များ
၂ဝ၁၇ ခုနှစ်ဇန်နဝါရီလပိုင်းတွင် ရောက်ရှိမည် ဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင်
လုပ်ဆောင်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားကြောင်း သိရသည်။