မိရိုးဖလာလုပ်ကိုင်လာသည့် မြေအိုးလုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ

မိရိုးဖလာလုပ်ကိုင်လာသည့် မြေအိုးလုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်တွင် မိရိုးဖလာလုပ်ကိုင်လာသည့်
အိုးလုပ်ငန်းမှာ ကွယ်ပျောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အိုးလုပ်ငန်း
လုပ်ကိုင်သူများ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဒီဇင်ဘာ
၁၃ ရက်က ဖော်ပြထားသည်။

အဆိုပါ အိုးလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မြေနီ၊ မြေနက် ရှားပါးလာပြီး
ကုန်ကြမ်းစျေးနှုန်းများ မြင့်တက် လာခြင်း၊ မြေသယ်ခများ မြင့်တက်လာခြင်းတို့ကြောင့် အိုး
လုပ်ငန်းလုပ်ကိုင်သူအချို့ လုပ်ငန်းများ ရပ်ဆိုင်းခြင်းများ ရှိလာကြောင်း သိရသည်။

မိုးတွင်းတစ်တွင်းလုံးနားထားရပြီး နွေအခါနှင့် ဆောင်းရာသီ တွင်သာ လုပ်ကိုင်ရသည့်အတွက်
ပုံမှန်ဝင်ငွေမရှိသော အိုး လုပ်ငန်းကို မျိုးဆက်သစ်ကလေးများကလည်း မသင်ယူကြတော့သဖြင့်
ရှေ့လျောက်တွင် အိုးလုပ်ငန်း၏ အလားအလာ မှာ ကောင်းလာနိုင်ဖွယ်မရှိဘဲ တိမ်ကော
ပျောက်ကွယ်သွားနိုင်ကြောင်း စစ်ကိုင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဒေသမှ သောက်ရေအိုး၊ ပန်းစိုက်အိုးတို့ အဓိက ထွက်ရှိပြီး သောက်ရေအိုးသည်
အခြားဒေသထွက် မြေအိုးများထက် အေးမြသည့် ဓာတ်ရှိခြင်းကြောင့် မြန်မာပြည်အနှံ့အပြား
တွင် စစ်ကိုင်းအိုးကို အနယ်နယ် အရပ်ရပ်မှ ဝယ်ယူအသုံးပြုနေကြခြင်း ဖြစ်သည်။ စစ်ကိုင်းမြို့၊
အိုးဘိုရပ်ကွက်တွင် အစဉ်အဆက် အိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ခဲ့သော်
လည်း ယခုအခါ အိမ်ခြေ ၁၀၀ ဝန်းကျင်သာ အိုးလုပ်ငန်းကို လုပ်ကိုင် နေပြီး ကျန်အိမ်ထောင်စု
များသည် ရက်ကန်းလုပ်ငန်းနှင့် အခြား လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်နေကြကြောင်း အိုး
လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။