သံဖြူဇရပ်မီးရထားပြတိုက်၌ ရထားလမ်းပိုင်းဖောက်လုပ်ခဲ့သော ချွေးတပ်သားများ၏ ရှားပါးမှတ်တမ်းဓာတ်ပုံများအား ထည့်သွင်း ပြသလျက်ရှိ

သံဖြူဇရပ်မီးရထားပြတိုက်၌ ရထားလမ်းပိုင်းဖောက်လုပ်ခဲ့သော ချွေးတပ်သားများ၏ ရှားပါးမှတ်တမ်းဓာတ်ပုံများအား ထည့်သွင်း ပြသလျက်ရှိ

ဖက်ဆစ်ဂျပန်တို့မှ အာရှစစ်မျက်နှာပြင် ဖွင့်လှစ်ကာ နယ်ချဲ့ ကျူးကျော်ခဲ့သည့်ကာလအတွင်း
သေမင်းတမန်မီးရထားလမ်း ဖောက်လုပ်ခဲ့သည့် ချွေးတပ်သားများ၏ လှုပ်ရှားမှုပုံရိပ် ရှားပါး
မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများအောက်မေ့ဖွယ် ကြည့်ရှုလေ့လာနိုင်ကြစေရန်
အတွက် သံဖြူဇရပ်မီးရထားပြတိုက်၌ ထည့်သွင်းပြသလျက်ရှိကြောင်း သံဖြူဇရပ်မီးရထား
ပြတိုက် တာဝန်ခံရုံး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ
၁၂ ရက်က ဖော်ပြထားသည်။

ဂျပန်ဘုရင့်တပ်မတော်စစ်ဝန်ကြီး ဂျန်နရယ်တိုကျိုမှ မီးရထားလမ်း ဖောက်လုပ်ရန်အတွက်
၁၉၄၂ ခုနှစ်တွင် စီမံကိန်းရေးဆွဲခဲ့ပြီး အဆိုပါသေမင်းတမန်မီးရထားလမ်းစီမံကိန်းလုပ်ငန်းအား
စတင်ခဲ့ ကြောင်း၊ ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ဗလာဒက်၊ ကချနပူရီ၊ ဆန် ပေါ်ဘူတာမှ စတင်
၍ မြန်မာနိုင်ငံ ကွေ့မ မြစ်ကြောင်းအား ဖြတ်သန်း ကာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အထိ ရထား
လမ်း အရှည် ၁၇၅ မိုင်အား ဖောက်လုပ်ခဲ့ကြောင်း မီးရထားပြတိုက်မှ သိရသည်။ အဆိုပါ ရထား
လမ်းဖောက်လုပ်မှုတွင် ဂျပန်တပ်မတော်၏ မဟာမိတ် စစ်နိုင်ငံများဖြစ်သော ဗြိတိန်၊ ကနေဒါ၊
အမေရိကန်၊ နယူးဇီလန်၊ သြ စတြီးယား၊ ဒိန်းမတ်နှင့် နယ်သာလန်အစရှိသောနိုင်ငံများမှ စစ်
သုံ့ပန်း ၁၆၈ဝဝ ကျော် အပါအဝင် အာရှဒေသရှိ အာဆီယံနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊
မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများမှ
လုပ်သားများ အပါအဝင် လူဦးရေ ၁၈ဝဝဝဝ ကျော်တို့အား ချွေးတပ်သားအဖြစ် စုရုံးကာ လူ
အင်အားဖြင့် နေ့ချင်း၊ ညချင်းပြီး အမြန်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းကာလအတွင်း ဂျပန်တို့၏ လောကြီးမှု၊ ဖိအားပေးခိုင်းစေမှုများကြောင့် လုပ်သားများမှာ
တောတောင်များ ရှင်းလင်းရာတွင် ကျားဆွဲရခြင်း၊ အခြားတောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခံရခြင်း၊
ခဲယမ်းများဖြင့် တောင်များ မိုင်းခွဲဖြိုရာတွင် ထိခိုက်ဒဏ်ရာများရရှိခြင်းတို့ကြောင့် သေဆုံးခြင်း၊ ပလိပ်
ရောဂါ၊ ကာလဝမ်းရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်ခြင်းတို့ဖြင့် ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်
မှုများကြောင့် လူဦးရေ ၁၂ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း၊ ထိုရာဇဝင် ဖြစ်ရပ်များအား အများပြည်သူ
နှင့် နိုင်ငံခြားသားခရီးသွားများ အောက်မေ့ဖွယ်ရာ ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် သမိုင်းရာဇဝင်
တွင်ခဲ့သော မီးရထားလမ်းနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စစ်သုံ့ပန်းတို့၏ ပုံရိပ်များအား
ပန်းချီ၊ ပန်းပုနှင့် 3D ဒီဇိုင်းပုံစံများဖြင့် ထည့်သွင်းပြသလျက်ရှိကြောင်း ပြတိုက်အဖွဲ့၏ ပြောကြားချက်
အရ သိရသည်။