ရန်ကုန်မြို့ရှိ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား၊ ဒဂုံတံတားတို့တွင်
မော်တော်ယာဉ်များ တံတားဖြတ်သန်းချိန်တွင် ပိတ်ဆို့မှုမဖြစ်စေရန်အတွက် ကုန်တင်ယာဉ်အမျိုးမျိုး
ကို ဆိပ်ကမ်းများမှ ကုန်ချိန်လက်မှတ်ဖြင့် ဖြတ်သန်းခွင့်ပြုရန်နှင့် တံတား၌ ကတ္တားချိန်တွယ်ခြင်း
မပြု လုပ်ရန် ဒီဇင်ဘာ ၈ ရက်နေ့စွဲဖြင့် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်
သက်ဆိုင်ရာ တံတားများသို့ အကြောင်းကြားစာပေးပို့ထားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။
တိုင်းဒေသကြီးအတွင်း သတ်မှတ်ကုန်တင်ယာဉ်များ ည ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ
သတ်မှတ်လမ်းများ၌ ဖြတ် သန်းသွားလာရေး စီမံချက်ဖော်ဆောင်လျက်ရှိရာတွင် ကုန်တင်ယာဉ်များ
တံတားဖြတ်သန်းချိန်တွင် ပိတ်ဆို့မှုမဖြစ်စေ ရန် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။










