နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဒီဇင်ဘာ ၁၃
ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့အမျိုးသမီးများ ညီလာခံသို့ ဗွီဒီယို မှ
တစ်ဆင့်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဒီဇင်ဘာ ၁၄ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ဗွီဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုးတက်မှုများကို အသိအမှတ်ပြုသော်
လည်း ကျော်လွှားရမည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အခကြေး ငွေ
မရသော အလုပ်များ၊ ဆုံးဖြတ်ချက်ချသည့် အဆင့် တွင် အမျိုးသမီးကိုယ်စားပြုမှုနည်းပါးမှုနှင့် စီးပွားရေး
အရင်းအမြစ်များ မျှတစွာ ရယူသုံးစွဲနိုင်ခြင်းမရှိမှုတို့ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မီးမောင်း
ထိုး ပြောကြားခဲ့သည်။ ထို့ပြင် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် လုပ်ရိုးလုပ်စဉ်နှင့် သမားရိုးကျ
အတွေးအခေါ်များကို ကျော်လွန်စဉ်းစားကြရန်နှင့် ဖန်တီးတီထွင်၍ အထောက်အထားကို အခြေခံသော
ဖြေရှင်းနည်းများ ရှာဖွေကြရန် ညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများအား အားပေးတိုက်တွန်း
ခဲ့သည်။
ကမ္ဘာတစ်ဝှမ်းရှိ လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးများ၏ ပါ၀င်မှု အခန်းကဏ္ဍမြှင့်တင်ရေး ကြိုးပမ်းမှု
တစ်ရပ်အနေဖြင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဦးဆောင်ကြီးမှူး၍ ဂျပန်နိုင်ငံအစိုးရက WAW
ညီလာခံကို နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။









