ဆွစ်ဇာလန်နိုင်ငံမှ Nat's Coffee နှင့် ဗြိတိန်နိုင်ငံမှ PRISMA Coffee ကုမ္ပဏီတို့က ချင်းပြည်နယ်မှ
ထွက် ရှိသည့် ကော်ဖီများကို ဝယ်ယူရန် စတင်လုပ်ဆောင် လျက် ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီ
အသင်း၏ ပြော ကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၇ ရက်က
ဖော်ပြထားသည်။
ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံတို့မှ ကုမ္ပဏီကိုယ်စားလှယ် အဖွဲ့များအနေဖြင့် ချင်းပြည်နယ်ထွက်
ကော်ဖီများကို ဝယ်ယူနိုင်ရေးအတွက် ၄င်းတို့လိုချင်သော အရည်အသွေးရအောင် ပညာပေးခြင်းများ
လုပ်ဆောင်နေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေကြောင်း၊ ချင်းပြည်နယ်၏ ရေမြေ
ရာသီဥတုအရ ထွက်ရှိသော အသီးများမှာ ပင်ကိုယ်အရသာ ကောင်းပြီး ကမ္ဘာ့တန်း ဝင်ပြီး
ဖြစ်သောကြောင့် တန်းမြင့်ကော်ဖီ ထုတ်လုပ် လာနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီ
အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောကြားခဲ့သည်။
Nat's Coffee ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ကော်ဖီများကို
ကြိုတင်မှာယူနိုင်ပြီဟု ကြော်ငြာထားပြီး ၂ဝ၁၇ ခုနှစ် မေလ သို့မဟုတ် ဇွန်လတွင် ကော်ဖီများ
စတင် ပို့ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါကုမ္ပဏီများသည် ကမ္ဘာ့ကော်ဖီ စျေးကွက်တွင် ကော်ဖီရောင်းဝယ်နေသည့် ကုမ္ပဏီကြီးများ
ဖြစ်၍ ချင်းပြည်နယ် ရှိ ကော်ဖီများကို အများအပြား ဝယ်ယူဖြန့်ဖြူးမည့် အလားအလာ ရှိကြောင်း
သိရသည်။










