သဘာဝအလှအပများ ခံစားရင်း ဒေသခံများ၏ လူနေမှုဘဝများကို လေ့လာနိုင်သည့် ကလော-အင်းလေး
ခြေကျင်ခရီးကို ယခင်က နိုင်ငံခြားခရီးသွားဧည့်သည်များသာ သွားရောက်လည် ပတ်လေ့ရှိသော်လည်း
ယခုနှစ်များတွင် ပြည်တွင်းခရီးသွားများပါ စိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်း
ဧည့်လမ်းညွှန်များ၏ ပြော ကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၅ ရက်က
ဖော်ပြထားသည်။
ယခင်က ကလော-အင်းလေး ခြေကျင်ခရီးသွားသော ပြည်တွင်း ခရီးသွားမှာ မရှိသလောက်
နည်းပါးသော်လည်း ၂ဝ၁၆ ခုနှစ် အတွင်း ပြည်တွင်းအဖွဲ့များအတွက် ဝန်ဆောင်မှုပေးရမှုများလာပြီး
စိတ်ဝင်စားမှုပိုများလာသည်ကို တွေ့ရကြောင်း ဧည့်လမ်းညွှန် ဝန်ဆောင်မှုလုပ်ငန်းမှ ကိုဆန်းလင်းက
ပြောကြားခဲ့သည်။
ကလောမြို့အနီးတစ်ဝိုက်၌ ပလောင်၊ ဓနု၊ တောင်ရိုးနှင့် ပအိုဝ်း လူမျိုးများ နေထိုင်ပြီး ညအိပ်ခရီးစဉ်များတွင်
ဒေသရှိ အိမ်များ၌ တည်းခိုရင်း ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများကို မြင် တွေ့နိုင်ရန်
စီစဉ်ပေးထားကြောင်း၊ ကလောမြို့ဝန်းကျင်တစ်ဝိုက် တွင် တစ်ရက်ခရီးနှင့် တစ်ညအိပ်နှစ်ရက်
ခရီးများ၊ ကလောမှ အင်းလေး သို့ တစ်ညအိပ် နှစ်ရက်ခရီးနှင့် နှစ်ညအိပ် သုံးရက် ခရီးတို့ကို
စီစဉ်ပေးထားပြီး ဧည့်လမ်းညွှန်ဝန်ဆောင်ခ၊ နံနက်စာ၊ နေ့လယ်စာနှင့် ညစာ အပါအဝင်
တစ်ရက်တာအတွက် ငွေကျပ် ၂ဝဝဝဝ ခန့် ကုန်ကျကြောင်း သိရသည်။










