ရန်ကုန်မြို့သို့ ပေးဝေနေသော ရေသုံးစွဲမှုတွင် လေလွင့်ဆုံးရှုံးသည့် ရေ ၆၀ ရာခိုင်နှုန်းအထိရှိ

ရန်ကုန်မြို့သို့ ပေးဝေနေသော ရေသုံးစွဲမှုတွင် လေလွင့်ဆုံးရှုံးသည့် ရေ ၆၀ ရာခိုင်နှုန်းအထိရှိ

ရန်ကုန်မြို့သို့ ပေးဝေနေသော ရေသုံးစွဲမှုတွင် လေလွင့်ဆုံးရှုံးသည့် ရေမှာ ၆၀ ရာခိုင်နှုန်းအထိ
ရှိနေကြောင်း ဂျပန်နိုင်ငံရှိ ရေသန့်စင်သည့် ကိရိယာ များ ထုတ်လုပ်နေသော Japan System
Planning Co.,Ltd.(JSP) ၏ ဥက္ကဋ္ဌ Dr. KATSUYUKI KU MANO ၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီ သတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၇ ရက်က ဖော်ပြ ထားသည်။

ရန်ကုန်မြို့၌ ရေပိုက်ပေါက်ခြင်းနှင့် ရေသုံးစွဲရာတွင် အလေအလွင့်ဖြစ်နေမှုကို နေရာတော်တော်များများ
၌ တွေ့နေရကြောင်း၊ ဂျပန်နိုင်ငံတွင် လေလွင့်ဆုံးရှုံး သည့် ရေပမာဏမှာ ၃ ရာခိုင်နှုန်း၊
၄ ရာခိုင်နှုန်းခန့်သာ ရှိပြီး အင်္ဂလန်နှင့် အိန္ဒိယတွင် ၅ဝ ရာခိုင်နှုန်းနှင့် မြန်မာ နိုင်ငံတွင် ၆ဝ ရာခိုင်နှုန်း
ဖြစ်နေကြောင်း၊ အကြမ်းဖျင်း အားဖြင့် အာရှနိုင်ငံများတွင် ရေလေလွင့်ဆုံးရှုံးမှု ၃ဝ ရာခိုင်နှုန်း
ရှိနေသည့် အတွက် အမြန်ဆုံး ထိန်းသိမ်း စေလိုကြောင်း ၄င်းက ပြောကြားခဲ့သည်။

အင်္ဂလိပ်ခေတ်ကတည်းက သွယ်တန်းထားခဲ့သော ရေပိုက်လိုင်းများတွင် ကပ်ငြိနေသော
သံချေးများကြောင့် ပိတ်ဆို့နေသဖြင့် ယင်းတို့ကို ဖယ်ရှားသည့် ကိရိယာကို မင်္ဂလာတောင်ညွန့်မြို့နယ်
မန္တလေးလမ်းရှိ ၄ လက်မ ရေပိုက်လိုင်းတွင် စတင်စမ်းသပ်တပ်ဆင်ခဲ့ကြောင်း၊
အဆိုပါကိရိယာကို Japan System Planning Co., Ltd. (JSP) က ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီကို ဒီဇင်ဘာလက ကူညီတပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

ရန်ကုန်မြို့အတွက် တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်း ပေးဝေနေသော်လည်း လုံလောက်မှုမရှိဘဲ
ရေဖူလုံစွာ ပေးဝေနိုင်ရန် ရေပေးဝေရေးစီမံကိန်းအသစ်များ ဖော် ဆောင်နေရသည်ဟု ဆိုသည်။