စက်မှုသင်တန်းကျောင်းသုံးခု ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်
ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။
လက်ရှိတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ မန္တလေး၊ ဆင်တဲ၊ သာဂရ၊
ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့တို့၌ နိုင်ငံတကာနှင့် ပူးပေါင်းကာ သင်တန်းကျောင်း ခြောက်ခု
ဖွင့်လှစ်ထားကြောင်း၊ စက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် မြေနေရာ၊ အဆောက်အအုံ
စသည့် လိုအပ်ချက်များကို ပံ့ပိုးပေးထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများကလည်း စက်ပစ္စည်းများ၊
သင်ထောက်ကူ ပစ္စည်းများနှင့် နည်းပညာများကို ပူးပေါင်းပါဝင်ကူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်မှုနှင့် အသက်မွေးပညာရပ်များကို သင်ကြား လိုသူများအနေဖြင့် စက်မှုဝန်ကြီးဌာန၌
အခမဲ့ ရွေ့လျား သင်တန်းများကို အလွယ်တကူတောင်းခံနိုင်ပြီး လူဦးရေ နှင့် သင်တန်းပေးနိုင်ရန်
နေရာရှိပါက ဆောင်ရွက်ပေးမည် ဟု ဆိုသည်။
အခမဲ့သင်တန်းတောင်းခံရာတွင် တက်ရောက်မည့် သူဦးရေ ၂၅ ဦး ရှိရန်လိုပြီး စက်မှုဇုန်များအတွက်
ဘာသာရပ် ငါးခု၊ ကျေးလက်ဒေသများအတွက် ဘာသာရပ် သုံးခု တောင်းခံနိုင်ကြောင်း၊ သင်တန်းများကို
တောင်းခံလို ပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန၊ ရုံးအမှတ် (၃ဝ)
နေပြည်တော် သို့ လိပ်မူ၍လည်းကောင်း၊ ဖုန်း -ဝ၆၇- ၄ဝ၅၁ဝ၁ နှင့် ဝ၆၇- ၄ဝ၅ဝ၅၁ တို့သို့ ဆက်သွယ်၍
လည်းကောင်း စုံစမ်းနိုင်ကြောင်း သိရသည်။










