ကရင်ပြည်နယ် ဒေါနတောင်တန်းမှ ထွက်ရှိသော ဒေါနခရမ်းစွဲကျောက်များကို ပြည်ပနိုင်ငံများအထိ
စျေးကွက် ထိုးဖောက်ရောင်းချလျက်ရှိသော်လည်း ပြည်တွင်းဝယ်လိုအားနည်းနေခြင်းကြောင့်
ပြည်တွင်း ကျောက်မျက်ရတနာစျေးကွက်တွင် မြန်မာ့ခရမ်းစွဲ ကျောက်များ စျေးကွက်ပိုမိုရရှိရန်
လိုအပ်ကြောင်း ခရမ်းစွဲကျောက် ထုတ်လုပ်ရောင်းချသူ ကိုဝင်းဌေး ၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီ လ ၃ ရက်နေ့က
ဖော်ပြထားသည်။
ကရင်ပြည်နယ်မှ ထွက်ရှိသော ခရမ်းစွဲကျောက်ကို အိန္ဒိယ၊ တရုတ်၊ ဆော်ဒီအာရေဗျနိုင်ငံသားများ
ကြိုက်နှစ်သက်ကြကြောင်း၊ ပြည်တွင်း၌ စျေးကွက် ဝယ်လိုအားနည်းခြင်းကြောင့် အခြားကျောက်များထက်
ရောင်းချရမှုနည်းပါးနေကြောင်း၊ ပြည်တွင်းကျောက်မျက် စျေးကွက်တွင် ခရမ်းစွဲကျောက်များ
စျေးကွက်ပိုမိုရရှိရန် လိုအပ်ကြောင်း ကိုဝင်းဌေးက ပြောကြားခဲ့သည်။ ကရင်ပြည်နယ်၊
ဒေါနတောင်တန်းမှ ထွက်ရှိသော ဒေါနခရမ်းစွဲကျောက်များကို မြဝတီမြို့နှင့် ပုဂံမြို့သစ် တို့၌
အရောင်းစင်တာဖွင့်လှစ်၍ ရောင်းချမှုများရှိပြီး ပြည်တွင်းကျောက်မျက်စျေးကွက်၌ စျေးကွက်ပိုမို
ရရှိစေရေးအတွက် ကျောက်မျက်အရောင်းစင်တာများစွာ ဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရသည်။










