သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု ဖောက်လုပ်မည်

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု ဖောက်လုပ်မည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု
ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ က ဖော်ပြထားသည်။

လက်ရှိ အသုံးပြုနေသည့် ပြည်-ပေါက်ခေါင်းကားလမ်းမ ကြီးသည် အင်္ဂလိပ်ခေတ်က
ပေါက်ခေါင်းဒေသမှ သစ် ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ရှေးမြို့ဟောင်းမြောက် မြို့ရိုးကို
ဖြတ်သန်း၍ ဖောက်လုပ်ထားခြင်း ဖြစ်သည်။

ယခုအခါ မော်တော်ယာဉ်အစီးရေ တိုးပွားလာပြီး ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ
သွားလာမှု များပြားလာသည့်အတွက် ဇုန်ရှောင်လမ်းတစ်ခု မဖြစ် မနေဖောက်လုပ်ရန် စီစဉ်ခြင်း
ဖြစ်ကြောင်း သိရသည်။

ဇုန်ရှောင်လမ်း ထပ်မံဖောက်လုပ်မည် ဖြစ်သော်လည်း လမ်းအဟောင်းအသုံးပြုမှုကို လုံးဝ
ပိတ်သိမ်းမည် မဟုတ် ဘဲ ကျေးရွာသုံးလမ်းအဖြစ် ဆက်လက်ထားရှိမည်ဖြစ် ကြောင်း၊ ယခင်
လမ်းဟောင်းတွင် ယာဉ်ကြီးများနှင့် အဝေးပြေးယာဉ်များ သွားလာခွင့်ကို တားမြစ်ပြီး ယခု
ဖောက်လုပ်မည့် ဇုန်ရှောင်လမ်းကိုသာ အသုံးပြု သွားလာခွင့်ပြုမည်ဟု ဆိုသည်။

လက်ရှိလမ်းသည် ပြည်မြို့မှ ပေါက်ခေါင်းဘက်သို့ သွားရာ လမ်းကြောင်းပေါ်ရှိ ရှေးဟောင်းမြို့အဝင်
နဂါးတွန့်တံခါးပေါက်အနီးမှ စတင်ပြီး တွင်းဗြဲကျေးရွာ အလွန်အထိ ရှိကြောင်း၊
အသစ်ဖောက်လုပ်မည့် ဇုန်ရှောင်လမ်းသည် ပြည်မြို့၊ ထန်းပေါက်အုပ်စု ငါးရွာ အနီးမှ
ပြည်မြို့ PTU အနီးသို့ ဖောက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။