အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာအစားအစာများဖြင့် တည်ခင်းဧည့်ခံ

အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာအစားအစာများဖြင့် တည်ခင်းဧည့်ခံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Mrs. Albertina Soliani ဦးဆောင်သည့်
အီတလီ- မြန်မာ ချစ်ကြည်ရေးအသင်းသား ၃၈ ဦးအား ဇန်နဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်ရှိ
၎င်း၏ နေအိမ်၌ မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၃ ရက်က ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းဝင်များနှင့်အတူ မြန်မာ့ ရိုးရာအစားအစာများကို အတူတကွ သုံးဆောင်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါ အီတလီ-မြန်မာချစ်ကြည်ရေးအသင်းကို အီတလီနိုင်ငံ၊ ပါးမားမြို့တွင် ၂၀၀၄ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အီတလီနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကဏ္ဍအလိုက် ပညာရှင်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား လူငယ်များပါ၀င်ကြောင်း၊ အသင်း၏ ရည်ရွယ် ချက်မှာ မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍ များအား ကူညီ ထောက်ပံ့မှုများ ပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရန် ဖြစ်ကြောင်း ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည့် အီတလီ- မြန်မာချစ်ကြည်ရေးအသင်း မြန်မာနိုင်ငံတာဝန်ခံ ဦးသူရထွန်း၏ ပြောကြားချက်အရ သိရသည်။