ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ကျင်းပမည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်
မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ဖြင့် နိုင်ငံတကာမှ သံတမန်များအား ဖျော်ဖြေမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၄ ရက်က ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထူး နှင့် အာဆီယံနိုင်ငံများဆိုင်ရာ
သံအမတ်ကြီး ဦးမင်းလွင် တို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်
ဇန်နဝါရီလ ၄ ရက်၌ ကျင်းပမည့် မြန်မာနိုင်ငံ၏ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင်
တက်ရောက်လာသော သံတမန်များကို မြန်မာ့ရိုးရာ ခြင်းလုံးအားကစားဖြင့် ဖျော်ဖြေသွားမည်ဟု
ဆိုသည်။
အဆိုပါ ခရီးစဉ်အတွက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ ရိုးရာခြင်းလုံး လက်ရွေးစင်အားကစားသမား
အမျိုးသား သုံးဦး၊ အမျိုးသမီးသုံးဦး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် အကြံပေး၊ အာရှခြင်းလုံးအဖွဲ့ချုပ်
တွဲဖက်အတွင်းရေးမှူး ဦးပြည့်စုံမြင့်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး
ဦးကိုကိုအောင်တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။










