မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ဘကြီးတော်မင်းလက်ထက်၌
တည်ဆောက်ခဲ့သော သစ်သားကျောင်းတော်ကြီးကို နေ့စဉ် နိုင်ငံခြားခရီးသွားများနှင့် ဘုရားဖူးများစွာ
လာရောက်လေ့လာလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၄ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ကျောင်းတော်ကြီးကို ရှေးဟောင်းသစ်သားများဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း
၂၆၇ လုံးရှိကြောင်း၊ အကြီးဆုံးကျွန်းတိုင်၏ လုံးပတ်မှာ ကိုးပေရှိကာ အမြင့်ပေ ၆ဝ၊ အကျယ်အဝန်း
အားဖြင့် အလျား ၁၈၈ ပေ၊ အနံ ၁ဝ၃ ပေ ရှိကြောင်း၊ ကျောင်းတော်ကြီး၌ ယခုအခါ တွေ့မြင်ရန်
အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်းမြန်မာ့ဗိသုကာနှင့် ပန်းပုအနုပညာအမွေအနှစ်များကို
ပေါင်းစပ် ဆောက်လုပ်ထားသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်းဝမြို့ဟောင်းရှိ ဘုရားစေတီ၊ ဂူ၊ ဥမင်၊ ကျောင်း စသည်များကို ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာနမှ ထိန်းသိမ်းထားသည်ဟု ဆိုသည်။










